News

POST TYPE

NEWS

၂၀၁၈ နိုင်ငံ့စီးပွားရေးအလားအလာနှင့် NLD အစိုးရ၏ အနာဂတ်ခရီး
NLD အစိုးရ အုပ်ချုပ်ရေးအဖွဲ့ရဲ့ သက်တမ်းဟာ အခုဆိုရင် ၂ နှစ်တာ နီးနီးကာလကို ခြေချမိလာပါပြီ။ အုပ်ချုပ်ရေးအဖွဲ့ရဲ့ သက်တမ်း ၂ နှစ် နီးလာတာနဲ့အမျှ ဥပဒေပြု လွှတ်တော်တွေရဲ့ သက်တမ်းအနေနဲ့ကလည်း ယခုလကုန်ဆိုရင် ၂ နှစ်တင်းတင်း ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ ၂ နှစ် ပြည့်မြောက်လာတာနဲ့အမျှ နောက်ခြောက်လလောက် ဆိုရင်ပဲ လွှတ်တော်တွေရဲ့သက်တမ်းဟာ တစ်ဝက်ခရီးကျိုးလို့ ပြည်ထောင်စု လွှတ်တော်နာယက တာဝန်ကိုပါ အလွှဲအပြောင်း လုပ်ကြရတော့မှာပါ။ ဒါဆိုရင် သူတို့အစိုးရရဲ့ အခုသက်တမ်း တစ်ဝက်နီးနီးကာလမှာ ဘယ်အရာတွေကို ဖြစ်ဖြစ်မြောက်မြောက် လုပ်ခဲ့ပြီးပြီလဲ။ ဘယ်အရာတွေကတော့ ခက်ခက်ခဲခဲ ကြိုးစားကျော်ဖြတ်ရနေရတုန်းပဲ၊ ဘယ်အရာတွေကတော့ အခုအချိန်အထိ လိပ်ခဲတည်းလည်း ဖြစ်နေတုန်းပဲ။ ဘယ်အရာတွေကိုတော့ အခုအချိန်မှာ စောက်ချလုပ်မှကိုဖြစ်မှာလဲဆိုတဲ့ တီးတိုးဝေဖန်သံတွေလည်း သူ့ကို မဲပေးထောက်ခံရွေးချယ်ပေးခဲ့တဲ့ ပြည်သူတွေအကြားမှာ တစ်စွန်းတစ်စ ပေါ်ထွက်လာနေခဲ့ပါပြီ။

ဒီလိုပေါ်ထွက်လာနေတာနဲ့အမျှ သူတို့အစိုးရအပေါ် သူ့ရဲ့သက်တမ်းတစ်ဝက်တာနီးနီး ကာလအတွင်းမှာ ဆောင်ကြဉ်းနိုင်ခဲ့တဲ့ စွမ်းရည်တွေအပေါ်လည်း နိုင်ငံ့အရေး လေ့လာသူတွေက သုံးသပ်ချက်တွေ အချိန်ကိုက် ပေါ်ထွက်လာနေခဲ့ပါတယ်။ သူတို့အနေနဲ့လည်း မကြာခင်ကျင်းပမယ့် ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာတဲ့ မဲဆန္ဒနယ်အားလုံးမှာ ပါဝင်ယှဉ်ပြိုင်မှာဖြစ်သလို လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း နေရာတိုင်းလိုလိုမှာ ပြန်လည်ယှဉ်ပြိုင်ဦးမှာ အသေအချာပါပဲ။ ဒီလို ယှဉ်ပြိုင်အရွေးခံကြတဲ့အခါ နိုင်ငံရေး ရေချိန်မြင့်မားလာနေတဲ့ ပြည်သူတွေအနေနဲ့လည်း စဉ်းစားရွေးချယ်စရာ အကြောင်းများစွာ ရှိလာမှာတော့ အမှန်ပဲဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီလိုပြောရသလဲဆိုရင် အစိုးရရဲ့တက်လာခဲ့ပြီး နောက်ပိုင်းကာလ ဆောင်ရွက်ချက်တွေအထဲက မအောင်မြင်နိုင်သေးတဲ့ အချက်တစ်ခုကို ဆွဲထုတ်ပြီးကြည့်ရင် စီးပွားရေးတိုးတက်မှု မရှိလာခြင်းဟာလည်း သူ့အတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ခု ဖြစ်နေလို့ပါပဲ။

ဒီလို စီးပွားရေး မတက်လာခြင်းနှင့်အတူ ယှဉ်တွဲပါနေတာတွေက သူနဲ့ဆက်စပ်တဲ့ မြန်မာတန်ဖိုးငွေ ကျဆင်းနေတာ၊ ဒေါ်လာဈေးတွေ ပြန်မကျတာ၊ ကုန်ဈေးနှုန်းတွေ ကြီးနေတာ၊ ရောင်းဝယ်ဖောက်ကားမှုတွေ ခရီးမရောက်တာ၊ တစ်နေ့တာ ဝင်ငွေနိမ့်ကျနေဆဲ ဖြစ်နေသေးတာတွေအပြင် နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြင်ပက အခြေခံ အလုပ်သမားထုတွေအတွက်  တစ်နေ့တာ လုပ်ခနှုန်းကို မမြှင့်တင်နေသေးတာတွေပဲ ဖြစ်ပါတယ်။ ယနေ့ နိုင်ငံအတွင်း ကျေးလက်နေပြည်သူနဲ့ အခြေခံလူတန်းစား ၇၀ ရာခိုင်နှုန်းခန့် ကြုံတွေ့နေရတာကလည်း ဒီအချက်တွေပဲ ဖြစ်နေတာမို့ သူတို့အနေနဲ့ ဒီအပေါ်ကျော်ဖြတ်ဖို့ အတော်ကို အချိန်ယူပြင်ဆင်ကြရဦးမယ် ထင်ပါတယ်။ ဒါတွေကိုကျော်ဖြတ်နိုင်မှသာ လာမယ့်ရွေးကောက်ပွဲတွေအတွက် ရတက်အေးနိုင်လိမ့်မယ်လို့လည်း နိုင်ငံ့အရေး လေ့လာနေသူတွေက ဆိုနေကြပါတယ်။

ဒီစီးပွားရေးကိစ္စတွေနဲ့ ပတ်သက်လို့ သူတို့အစိုးရ ဖွဲ့စည်းပြီးပြီးချင်းမှာ အာရုံစိုက်ပြီး ပြည်သူ့ဘဝတိုးတက်ရေးအတွက် ရက် ၁၀၀ စီမံချက်တွေ ချမှတ်ပြီး လုပ်ဆောင်ခဲ့ပေမယ့်လည်း အောင်မြင်မှုရာခိုင်နှုန်း အတော်နည်းပါးခဲ့သလို ရှေ့မရောက်ခဲ့တာလည်း အားလုံးသိကြပြီးဖြစ်ကြမယ် ထင်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ သက်ဆိုင်ရာဝန်ကြီးဌာနက တာဝန်ရှိသူတွေကတော့ ဘယ်လိုဘယ်ပုံ ထိုးတက်အောင်လုပ်မယ်၊ ဘယ်လိုဆောင်ရွက်နေပြီ၊ ဘယ်လိုတိုးတက်နေပြီလို့ ဆိုခဲ့တဲ့အပေါ် နိုင်ငံ့ခေါင်းဆောင်တွေကတောင် ရောယောင်ပြီး ဒီအပေါ်တိုးတက်နေပါတယ်လို့ ဆိုခဲ့တာလည်း ကြားမိကြမှာပါ။ ဒါပေမဲ့လည်း နောက်ပိုင်းမှာတော့ မြေပြင်က အခြေအနေမှန်တွေကို လက်ခံခဲ့ကြပြီး သူတို့အားလုံး ဝန်ခံခဲ့ကြတဲ့အခြေအနေထိ ဆိုက်ခဲ့ပါတယ်။

ဒီအတွက် အပေါ်ကသုံးသပ်ခဲ့သမျှကို ပြန်ပြီးကောက်ချက် ဆွဲထုတ်ကြည့်ရင် အစိုးရအနေနဲ့ နိုင်ငံ့တာဝန်ယူခဲ့တဲ့ ၂ နှစ်တာ နီးနီးကာလမှာ စီးပွားရေးတိုးတက်အောင် မလုပ်နိုင်ခဲ့သေးသလို သူ့ကိုအားပေးထောက်ခံလို့ အမြင့်ကို တွန်းတင်ပေးခဲ့တဲ့ ပြည်သူတွေရဲ့ အခြေခံအခက်အခဲတွေကိုလည်း ထိထိရောက်ရောက် မဖြေရှင်းနိုင်ခဲ့သေးတာ၊ မျှော်လင့်တကြီးနဲ့ စောင့်မျှော်နေခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ လုပ်ခလစာနိမ့်ပါးမှုကို မမြှင့်တင်ပေးနိုင်သေးတာတွေက ငြင်းမရနိုင်တဲ့ အမှန်တရားတွေပါပဲ။ ဒီအတွက် သူ့ကိုထောက်ခံခဲ့တဲ့ ပြည်သူတွေ၊ နိုင်ငံ့ဝန်ထမ်းတွေအကြားမှာ အခုဆိုရင် သံသယပွားစရာတွေ ဖြစ်တည်လာနေခဲ့ကြတာလည်း တစ်စွန်းတစ်စ ကြားနေရပါပြီ။ သူတို့အစိုးရအနေနဲ့ လာမယ့် လက်ကျန်သက်တမ်းတွေမှာ စီးပွားရေးတိုးတက်အောင် စွမ်းဆောင်နိုင်ပါ့မလား၊ အဲ့ဒီလို အရည်အချင်းတွေရော သူတို့မှာအမှန်ရှိရဲ့လား၊ ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ ပြည်သူတွေ တစ်ရက်တာ ဝင်ငွေတိုးတက်ရေး စတဲ့ စီးပွားရေးတိုးတက်အောင် လုပ်ဆောင်မှုနဲ့ဆိုင်တဲ့ ပညာတွေရော သူတို့တတ်ရဲ့လားဆိုတာတွေကိုလည်း မေးခွန်းတွေ မေးချင်လာနေကြပြီလို့ ဆိုနေကြပါတယ်။

အမှန်တကယ်တော့ အစိုးရတစ်ရပ်ဆိုတာ သူတို့ကြိုက်တဲ့ နိုင်ငံရေးစနစ်ကို ဘယ်လိုကျင့်သုံးကျင့်သုံး၊ ဘယ်လိုပဲ မူဝါဒလုပ်ငန်းစဉ်တွေ ချမှတ်ချမှတ်၊ ဘယ်လို မဟာဗျူဟာတွေပဲဆွဲပြီး အကောင်အထည်ဖော်ဖော် အဓိကကတော့ သူတို့ပြည်သူတွေရဲ့ဘဝ လုံခြုံမှုရှိပြီး ဝမ်းဝခါးလှနေဖို့ လိုပါတယ်။ ဒီလိုပြောတာ မှန် မမှန်ဆိုတာ အခုကမ္ဘာမှာ စီးပွားရေးတိုးတက်မှုနှုန်း အမြင့်ဆုံးဖြစ်နေတဲ့ အိမ်နီးချင်းပေါက်ဖော်ကြီးတို့ ကျင့်သုံးဖော်ဆောင်နေတဲ့ နည်းနာတွေကိုပဲ လေ့လာလေ့လာ၊ ဆူပါ ပါဝါကြီးဖြစ်နေတဲ့ စီးပွားရေးသမားကြီးကိုယ်တိုင် သမ္မတလုပ်နေတဲ့ US ကိုပဲ စောင်းငဲ့ကြည့်ကြည့် အခု သူတို့လုပ်နေတာတွေက အတုယူထိုက်တဲ့ကိစ္စတွေ ရှိနေပါတယ်။

ဘာလို့ ဒီလိုပြောရသလဲဆိုတော့ ယနေ့ လက်ရှိ US ရဲ့ နောက်ဆုံးအခြေအနေကိုကြည့်ရင် မြင်နိုင်ပါတယ်။ စီးပွားရေးသမားကြီး ဒေါ်နယ်ထရမ့် မတက်လာခင်တုန်းကာလ ရွေးကောက်ပွဲ ဝင်စဉ်ကတော့ သူ့အပေါ် နိုင်ငံရေးအရ ဖြစ်နိုင်ပါ့မလားဆိုတဲ့ အမြင်မျိုးတွေနဲ့ မြင်ခဲ့ကြပေမယ့် အခုတော့ သူရဲ့ သက်တမ်းတစ်နှစ် ကျော်လာခဲ့ချိန်မှာတော့ သိသိသာသာကို သူတို့နိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ ပြောင်းလဲသွားခဲ့ပါတယ်။

ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယနဲ့ မဲဆွယ်စကားဆိုခဲ့ဖူးတဲ့ အိုဘားမားလက်ထက်က နိုင်ငံအတွင်းမှာ အလုပ်လက်မဲ့နှုန်း ၄ ဒသမ ၇ ရာခိုင်နှုန်းကို သူ့လက်ထက်မှာတော့ ၄ ဒသမ ၁ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူအရွေးခံရပြီးချိန်ကစလို့ တစ်နှစ်အတွင်းမှာ ဈေးကွက်အခြေအနေဟာ ၂၅ ရာခိုင်နှုန်းမျှ တိုးတက်လာခဲ့သလို စိုက်ပျိုးရေးမဟုတ်တဲ့ ကုမ္ပဏီတွေကနေ အလုပ်အကိုင်အခွင့်အလမ်းအဖြစ် အလုပ်သမားအသစ် ၂၂၈,၀၀၀ ကို ခန့်အပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ လုပ်အားခနှုန်းများ မြင့်တက်လာပြီး အလုပ်ခွင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လျှော့ချပေးခဲ့တာ၊ လုပ်ငန်းခွင်နဲ့ဆိုင်တဲ့ Corporate Tax ကို လျှော့ချပေးခဲ့တာတွေကြောင့် သူ့လက်ထက်မှာ GDP တိုးတက်နှုန်းဟာ ၃ ရာခိုင်နှုန်းထိ စဉ်ဆက်မပြတ် တိုးတက်ခဲ့တယ်လို့ ဆိုထားခဲ့ပြီး ၎င်းကိုယ်တိုင်ကပင် “မိမိသည်  အမေရိကန်၏ စီးပွားရေးအောင်မြင်မှုကို စွမ်းဆောင်နိုင်သူဖြစ်လာမည်”ဟုပင် ဒေါ်နယ်ထရမ့်က ကြွေးကြော်ထားကြောင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ  ၁၆ ရက်မှ ၂၂ ရက်နေ့ထိ ထုတ်ဝေတဲ့ The Economic Magazine ရဲ့ The American Economy; Can the Trump Boom Last? ဆိုတဲ့ ဆောင်းပါးမှာ ဖတ်ခဲ့ရပါတယ်။

ထိုဆောင်းပါးအရဆိုရင် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းဟာ အမေရိကန်၊ တရုတ်တို့တင် မဟုတ်ဘဲ ဒီကာလမှာ အခြားနိုင်ငံများနဲ့ ဥရောပတစ်ခွင်မှာလည်း တိုးတက်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လအတွင်းမှာတင် ဒေါ်နယ်ထရမ့်ရဲ့ လုပ်ငန်းခွန်နှုန်း (Corporate Tax) များ လျှော့ချဖို့ ဆုံးဖြတ်ခဲ့တာနဲ့ အမေရိကန်က ဗဟိုဘဏ်ရဲ့အတိုးနှုန်းတွေ မြှင့်တင်ဖို့ဆုံးဖြတ်ခဲ့တာကြောင့် သူတို့ရဲ့စီးပွားရေးဟာ အခု ၂၀၁၈ အတွက် အလားအလာ အတော်ကောင်းနေတယ်လို့လည်း ဆိုထားပါသေးတယ်။

လက်ရှိ NLD အစိုးရလက်ထက် နိုင်ငံ့ရဲ့စီးပွားရေးဟာ ကျနေတယ်ဆိုတာကို ဘယ်သူမှမငြင်းနိုင်သလို တိုင်းပြည်ရဲ့အဓိကထွက်ကုန် ပို့ကုန်တွေကို ၂၀၁၇ တစ်နှစ်လုံးချုပ်ပြီး ကြည့်မယ်ဆိုရင် ဆန်၊ ပဲ ၊ ပြောင်းနဲ့သကြားတွေဟာ မြန်မာနိုင်ငံရဲ့ ပမာဏအများဆုံး ပို့ကုန်တွေဖြစ်ခဲ့ပေမယ့်လည်း အဲဒီ ဆန်၊ ပဲ၊ ပြောင်းနဲ့ သကြားတွေဟာ အိမ်နီးချင်း တရုတ်နိုင်ငံကတောင် တရားဝင်လက်ခံ အသိအမှတ်ပြုထားတဲ့ တရားဝင်သွင်းကုန်တွေ မဟုတ်တဲ့အတွက် မကြာခဏ အဖမ်းအဆီးတွေ ခံခဲ့ရတာမျိုးတွေ၊ အိန္ဒိယက သူတို့လိုသလို ပိတ်ပစ်ခဲ့တာမျိုးတွေနဲ့ အလုပ်မဖြစ်ခဲ့တာ မြင်ကြရမှာပါ။ ဒီလို တိတိကျကျ အာမခံချက်မပေးနိုင်တဲ့ အစိုးရရဲ့စီးပွားရေးပေါ်လစီနဲ့ Legal Trade (တရားဝင်ကုန်သွယ်မှု လမ်းကြောင်း) ပေါ် မတွန်းတင်ပေးနိုင်တဲ့ အခြေအနေတွေကြောင့် စီးပွားရေးတိုးတက်မှုနှုန်း (Economic Indicator) ဟာ ကျသထက် ကျလာတာပဲ ဖြစ်နိုင်ပါတယ်။

နောက်တစ်ခုကတော့ အစိုးရရဲ့ ဝင်ငွေရလမ်းတစ်ခုဖြစ်တဲ့ အခွန်ကောက်ခံမှုမှာလည်း ခေတ်စနစ်နဲ့ညီတဲ့ နည်းလမ်းတွေ၊ မတိုးချဲ့နိုင်သေးတာတွေနဲ့ လိုတစ်မျိုး မလိုတစ်မျိုး အခွန်နှုန်းထား ပြောင်းလဲပေးနေတာတွေ၊ ကင်းလွတ်ခွင့် ပြုပေးနေတာတွေကလည်း ရေရှည်မှာ အလုပ်ဖြစ်လာမယ် မထင်ပါဘူး။ အခွန်နှုန်းထား (Tax Rate) ကို လျှော့ချမယ်၊ အခွန်ကောက်ခံမယ့်နယ်ပယ် (Tax Base) ကို ချဲ့ထွင်မယ်ဆိုတဲ့ လက်ရှိအစိုးရ ကျင့်သုံးနေတဲ့ မူကလည်း ဘယ်သူတွေကိုသက်သာစေပြီး ဘယ်သူတွေကို နစ်နာစေမလဲဆိုတာ အနုလုံ ပဋိလုံ စစ်ဆေးကြည့်ရင် မြင်နိုင်ပါတယ်။

ဒီအတွက် နိဂုံးချုပ်အနေနဲ့ အနှစ်ချုပ်လိုက်မယ်ဆိုရင် စီးပွားရေးတိုးတက်အောင် လုပ်ပေးနိုင်တဲ့ အစိုးရဆိုတာမျိုးက ပြည်သူတွေ၊ အလုပ်သမားလူတန်းစားတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေက သည်းခြေကြိုက်ဖြစ်သလို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လိုပါပဲ။ သူ့မှာ အခြားသော ဆူးခက်တွေရှိပြီး နီကြင်တဲ့အရောင်ကြောင့် အမြင်ဆိုးနေပေမယ့်လည်း သူ့ရဲ့ပန်းရနံ့ကတော့ လူတကာ ကြိုက်နှစ်သက်လှပါတယ်။ ဆိုလိုရင်းကတော့ NLD အစိုးရရဲ့ လွှတ်တော်တွေနဲ့ အုပ်ချုပ်ရေးပိုင်းက ပြည်သူတွေ တော်ကောက်လို့ စင်ပေါ်ရောက်နေသူတွေအနေနဲ့ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ပြန်လည်အရွေးခံချင်တယ်၊ ပြည်သူတွေကို ပေးခဲ့ဖူး ပြောခဲ့ဖူးတဲ့ ကတိကဝတ်တွေကို ကျေပွန်အောင် ထမ်းဆောင်ချင်တယ်ဆိုရင် အခု ၂၀၁၈ အတွက် စီးပွားရေးရလဒ်ကို တိုးတက်အောင်သာ နည်းလမ်းပေါင်းစုံသုံးပြီး အားထုတ်ကြိုးပမ်းစေချင်ပါကြောင်း စိတ်ကောင်းစေတနာနဲ့ ရေးသားတင်ပြလိုက်ရပါတယ်။

အောင်ဇေယျ