News

POST TYPE

NEWS

ဆန်လက်ဝယ်ရှိမှ ပို့ကုန်လိုင်စင် ထုတ်ပေးရန် ဆန်ကုန်သည်များ အကြံပြု
07-Jan-2018


ရန်ကုန်၊ ဇန်နဝါရီ ၇

ပြည်ပသို့ ဆန်တင်ပို့လိုသူများကို ဆန်လက်ဝယ်ရှိမှသာ ပို့ကုန်လိုင်စင်များ ထုတ်ပေးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံ အကြံပြုတင်ပြထားကြောင်း ဆန်ကုန်သည်များက ပြောကြားသည်။

ဆန်လက်ဝယ်မရှိသည့် ပို့ကုန်လုပ်ငန်းရှင်များကို ပို့ကုန်လိုင်စင်များ ထုတ်ပေးသည့်အခါ အဆိုပါ လုပ်ငန်းရှင်များသည် ဆန်လက်ဝယ်မရှိဘဲ ပြည်ပသို့ လက်ရှိ ပေါက်ဈေးနှင့် ဆန်များ ကြိုတင် ရောင်းချခြင်း၊ ပြည်ပမှ ဆန်တင်သင်္ဘော ရောက်ရှိသည့်အခါ ဆန်တင်ရန် လက်ဝယ်မရှိသည့်အတွက် ဆန်ကုန်သည်များထံမှ လက်ရှိ ပေါက်ဈေးထက် ဈေးပိုဝယ်ယူရခြင်းတို့ကြောင့် လုပ်ငန်းရှင်များမှာ အရှုံးနှင့်ရင်ဆိုင်ရပြီး လိမ်လည်ထွက်ပြေးမှုများ ဖြစ်ပေါ်လာကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောဆိုသည်။ 

“အခု တော်တော်များများ Exporter (ပို့ကုန်လုပ်ငန်းရှင်) တွေက ဆန်လက်ဝယ် မရှိဘူး။ သင်္ဘောရောက်မှ ဆန်ဝယ်တယ်။ ဆန်လက်ဝယ် မရှိတဲ့သူတွေကို ပို့ကုန်လိုင်စင်တွေ ထုတ်ပေးတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာပါတယ်။ ပြည်ပပို့မယ့် ကုမ္ပဏီတွေကို ဆန်လက်ဝယ်ရှိမှ ပို့ကုန်လိုင်စင် ထုတ်ပေးသင့်ကြောင်း အကြံပြုလိုပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနကိုလည်း ဒါနဲ့ပတ်သက်ပြီး တင်ပြထားပါတယ်”ဟု ၎င်းက ရှင်းပြပြောဆိုသည်။ 

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စက်တင်ဘာ လကုန်က ပြည်ပ ဆန်တင်ပို့သူတစ်ဦးက ကျပ်သိန်းနှစ်သောင်းကျော် လိမ်လည်ထွက်ပြေးသည့် အမှုတစ်ခုဖြစ်ပွားခဲ့ပြီး ယခု ၂၀၁၈ ခုနှစ် ဇန်နဝါရီလအစတွင်လည်း ပြည်ပသို့ ဆန်တင်ပို့သည့် ASO ကုမ္ပဏီပိုင်ရှင် ဦးအောင်ဆွေဦးက ဆန်ကုန်သည်နှင့် စက်ပိုင်များထံမှ ကျပ် သိန်းပေါင်း ငါးသောင်းသုံးထောင်ကျော်ကို လိမ်လည်ထွက်ပြေးသည့်အမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။ 

အဆိုပါ လိမ်လည်ထွက်ပြေးမှုများသည် ဆန်လက်ဝယ်မရှိဘဲ ပြည်ပတင်ပို့မှုများ လုပ်ဆောင်သောကြောင့် အရှုံးများနှင့် ရင်ဆိုင်ရခြင်းဖြစ်ပြီး လုပ်ငန်းရှင်များအနေနှင့် ပြည်ပသို့လည်း လက်ရှိပေါက် ဈေးဖြင့် ဆန်ကို ကြိုတင် မရောင်းချသင့်ကြောင်း ဆန်ကုန်သည်များက သုံးသပ်ပြောကြားသည်။ 

“ဆန်လက်ဝယ် မရှိဘဲနဲ့ လက်ရှိ ပေါက်ဈေးနဲ့ လောဘကြီးပြီး ကြိုမရောင်းနဲ့။ တစ်တန်ကို ၂၈၅ ဒေါ်လာနဲ့ သူက ရောင်းလိုက်တယ်။ တင်ရမယ့်သင်္ဘော ရောက်တဲ့အချိန်မှာ ပြည်ပ ဆန်ဈေးက ၃၄၀၊ ၃၅၀ ဖြစ်နေပြီ။ ပြီးတော့ ဆန်က လက်မှာ မရှိတဲ့အတွက် ပေါက်ဈေးနဲ့ ဝယ်လို့မရတော့ ပေါက်ဈေးထက်ပိုဝယ်တယ်။ အဲဒီမှာအရှုံးတွေက ပိုကြီးလာတာ”ဟု ဦးအောင်သန်းဦးကဆိုသည်။

J-11

  • VIA