News

POST TYPE

NEWS

မိဘနှင့်စိတ်ဆိုး၍ အိမ်မှထွက်လာသော အဋ္ဌမတန်းကျောင်းသူ သားမယားပြုကျင့်ခံရ
07-Jan-2018

မိတ္ထီလာ၊ ဇန်နဝါရီ ၇

သာစည်မြို့နယ် ပြည်ညောင်ကျေးရွာမှ မိဘများကိုစိတ်ဆိုးကာ အိမ်မှထွက်လာသော အသက် ၁၅ နှစ်အရွယ် အဋ္ဌမတန်း ကျောင်းသူတစ်ဦး သားမယားပြုကျင့်ခံခဲ့ရကြောင်း ယင်းမာပင်ရဲစခန်းထံမှ  သိရသည်။

ကျူးလွန်သူကိုလည်း ဇန်နဝါရီလ ၆ ရက်နေ့က ဖမ်းဆီးထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။ 

သာစည်မြို့နယ် ပြည်ညောင်ကျေးရွာတွင် နေထိုင်သည့် အဋ္ဌမတန်း ကျောင်းသူသည် မိဘများကိုစိတ်ဆိုးကာ ဒီဇင်ဘာလ ၃၁ ရက် (နှစ်သစ်ကူးည) ၁၂ နာရီခွဲအချိန်က နေအိမ်မှထွက်လာခဲ့စဉ် အပါချီဘိလပ်မြေစက်ရုံ လမ်းဆုံအရောက် တစ်ရွာတည်းနေ ရဲမင်းပိုင်ကို တွေ့ကြောင်း၊ ရဲမင်းပိုင်က လယ်စပြင်ရပ်ရှိ အဆိုပါကျောင်းသူ၏ ဦးလေးဖြစ်သူ အိမ်သို့ လိုက်ပို့မည်ဟုဆိုကာ ခေါ်သွားခဲ့သော်လည်း တောင်ကြီးလမ်းအတိုင်း ဆိုင်ကယ် မောင်းနှင်ကာ နန့်ပန်တက်ကျေးရွာအနီးရှိ တောတွင် သားမယားအဖြစ် သုံးကြိမ် ပြုကျင့်ကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းနောက် တောင်ကြီးမြို့နယ် အေးသာယာရပ်တွင် နေထိုင်သော အဋ္ဌမတန်းကျောင်းသူ၏ အဒေါ်ဖြစ်သူထံတွင် သုံးရက် နေထိုင်ကြသော်လည်း ပေါင်းသင်းဆက်ဆံခြင်း မရှိတော့ဘဲ ဇန်နဝါရီလ ၃ ရက်နေ့တွင် ပြည်ညောင်ကျေးရွာသို့ ပြန်လည် ရောက်ရှိခဲ့ကာ လူမှုရေးအရ ညှိနှိုင်းကြသော်လည်း မပြေလည်သဖြင့် အမှုဖွင့်တိုင်ကြားခြင်းဖြစ်ကြောင်း၊ ဆေးရုံနှင့် ဓာတုဗေဒဝန်ရုံးတို့၏ ထင်မြင်ချက်များအရ သားမယား ပြုကျင့်ခံခဲ့ရသည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

အသက် ၂၂ နှစ်အရွယ်ရှိ ရဲမင်းပိုင်သည် ဇနီးဖြစ်သူနှင့် တစ်နှစ်ခန့် ကွဲကွာနေသူဖြစ်ပြီး သမီးတစ်ယောက်ဖခင်ဖြစ်ကြောင်းလည်း မှုခင်းမှတ်တမ်းအရ သိရသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ရဲမင်းပိုင်ကို နယ်မြေခံ ယင်းမာပင် ရဲစခန်းက (ပ) ၂/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၆၇/၃၆၆ ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

           
R-01

  • VIA