News

POST TYPE

NEWS

ဝန်ကြီးများနှင့် ပတ်သက်သည့် တိုင်ကြားစာများ မရှိသေးဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဆို


နေပြည်တော်၊ ဇန်နဝါရီ ၆

ယခင်အစိုးရ လက်ထက်အပါအဝင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ကြီးများနှင့်ပတ်သက်၍ တိုင်ကြားစာများ ရောက်ရှိလာခြင်း မရှိသေးကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးဟံညွှန်က ပြောကြားသည်။

ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြုလုပ်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ သတင်းစာရှင်းလင်းပွဲတွင် ဦးသိန်းစိန်အစိုးရလက်ထက်၌ တာဝန်ထမ်းဆောင်ခဲ့သူများနှင့် လက်ရှိအစိုးရလက်ထက်၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ကြီးများနှင့်ပတ်သက်ပြီး တိုင်ကြားစာများ လက်ခံရရှိမှု ရှိမရှိ The Voice က မေးမြန်းစဉ် ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

တိုင်စာများနှင့်ပတ်သက်သည့် ကိစ္စရပ်များကို နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်အပင်ခံထံသို့ ရောက်ရှိလာသည့် တိုင်ကြားစာများမှ ကော်မရှင်သို့ တရားဝင်လွှဲပြောင်း ရောက်ရှိမလာသေးကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးက တရားဝင်လွှဲပြောင်းပေးပို့လာလျှင် စစ်ဆေး၍ရသည်ဟု ပြောကြားသည်။

ယခုလောလောဆယ်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က လွှဲပြောင်းလိုက်သည့် တိုင်ကြားစာကို ဖြေရှင်းနေရပြီး ကော်မရှင်အသစ် တာဝန်ယူပြီးသည့် အချိန်မှစပြီး ဝန်ကြီးများနှင့်ပတ်သက်သည့် တရားဝင်တိုင်ကြားစာများမှာ ယနေ့အထိ လက်ခံရရှိခြင်းမရှိပါဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ယခင်အစိုးရလက်ထက်က အရေးယူခြင်းများရှိသော်လည်း သတင်းထုတ်ပြန်မှု အားနည်း၍ မသိရှိကြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကော်မရှင်အသစ်လက်ထက်တွင် အုပ်ချုပ်ရေးမှူးများနှင့်ပတ်သက်သည့် တိုင်ကြားစာမှာ အများဆုံးလက်ခံရရှိပြီး ပြည်ထဲရေးဝန်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်းနေရကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များက ထပ်လောင်းပြောကြားသည်။

ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးအောင်ကြည် ဦးဆောင်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ၂၀၁၇ နိုဝင်ဘာ၂၃ တွင် စတင်ဖွဲ့စည်းပေးခဲ့ရာ ကော်မရှင်သစ်၏ လပိုင်းမျှသာရှိသော သက်တမ်းအတွင်း ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တိုင်ကြားစာပေါင်း ၃၉၂ စောင်ကို လက်ခံရရှိခဲ့ပြီး၊ ဌာနတွင်း ပုဂ္ဂိုလ်ရေးတင်ပြ တိုင်တန်မှုသည် အမှုပေါင်း ၉၀ ရှိကြောင်း ယင်းကော်မရှင်ထံ၏ ထုတ်ပြန်ချက်အရ သိရသည်။            

T.L