News

POST TYPE

NEWS

ရထားမတော်တဆမှုကြောင့် ရှစ်လအတွင်း လူ ၅၀ ကျော် သေဆုံး
04-Jan-2018



ရန်ကုန်၊ ဇန်နဝါရီ ၃

မြန်မာတစ်ပြည်လုံးတွင် စည်းကမ်းလိုက်နာမှု အားနည်းခြင်းကြောင့် ရထားမတော်တဆမှုများ ဖြစ်ပွားပြီး ယခုဘဏ္ဍာနှစ်၏ ရှစ်လအတွင်း လူ ၅၀ ကျော် သေဆုံးခဲ့ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

“ဒေသခံပြည်သူတွေ စည်းကမ်းမလိုက်နာလို့ လေးရက်၊ ငါးရက်ကို တစ်ယောက်နှုန်းလောက် သေနေတယ်။ ဒီလိုထပ်မဖြစ်အောင် စည်းကမ်းပိုင်းတွေ တင်းကျပ်သွားမှာဖြစ်တယ်”ဟု မြန်မာ့မီးရထား၊ သွားလာပို့ဆောင်ရေး အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ဆိုသည်။

ရထားမတော်တဆမှုများအနေနှင့် ဝန်ထမ်းအပါအဝင် ခရီးသွားပြည်သူများ ပေါ့ဆမှု၊ နေ့စဉ်အသုံးပြုနေရသော ရထားစက်ပစ္စည်း ချို့ယွင်းခြင်း၊ အချက်ပြစနစ်၊ သွားလာရေးစနစ်၊ မောင်းနှင်မှုစနစ်၊ လမ်းပြင်ဆင်ထိန်းသိမ်းခြင်း စနစ်တို့ကြောင့် မတော်တဆမှုမဖြစ်ပွားရန် ဆောင်ရွက်လျက်ရှိကြောင်း၊ စည်းကမ်းလိုက်နာမှု ရှိလာရန် ပညာပေးခြင်း၊ ရထားဥပဒေဖြင့် အရေးယူခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“သတိပေး ဆိုင်းဘုတ်တွေကို ဖျက်ဆီးလို့မရအောင် ကွန်ကရစ်လောင်းပြီးတော့ကို ထောင်ထားတယ်။ ဒီဇင်ဘာလက နေပြည်တော်နဲ့မန္တလေးမှာ ရပ်ကျေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အသိပညာပေး လုပ်ငန်းလုပ်ထားတယ်။ ဒီထက် ထိရောက်တဲ့နည်းတွေ လုပ်ဆောင်သွားဖို့လည်း တိုင်းအစိုးရအဖွဲ့နဲ့ ညှိနှိုင်းနေတယ်”ဟု ၎င်းက ဆိုသည်။

ရထားမတော်တဆမှု ဖြစ်ရခြင်းမှာ ရထားလမ်းကို ကျောပေး၍ လမ်းလျှောက်ခြင်း၊ ရထားလမ်းပေါ်တွင် လဲလျောင်းအိပ်စက်ခြင်း၊ ဝိုင်းဖွဲ့စကားပြောခြင်း၊ နားကြပ်တပ်၍ ရထားနှင့် မလွတ်ကင်းသည့်နေရာမှ လမ်းလျှောက်ခြင်း၊ နားမကြားသူများ ကူညီဖော်မပါဘဲ ရထားလမ်းပေါ်မှ လမ်းလျှောက်ခြင်း၊ ရထားလမ်းပေါ်တွင် စွန်လွှတ်ကစားခြင်း၊ ဝိုင်းဖွဲ့သောက်စားခြင်း၊ ရထားလာနေစဉ် ဆင်ခြင်မဲ့ အရဲစွန့်ဖြတ်ကူးခြင်း၊ ရထားမရပ်ခင် ခုန်ဆင်းခြင်း၊ ရထားလမ်းနှင့် မလွတ်ကင်းသည့်နေရာတွင် ယာဉ်ရပ်ထားခြင်းတို့ကြောင့် မတော်တဆမှုများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း မြန်မာ့မီးရထား၊ သွားလာပို့ဆောင်ရေးဌာနထံမှ သိရသည်။

မြန်မာတစ်ပြည်လုံး စည်းကမ်းမလိုက်နာမှုကြောင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒဏ်ရာရရှိသူ ၅၇ ဦး၊ သေဆုံးသူ ၇၇ ဦး၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒဏ်ရာရရှိသူ ၇၇ ဦး၊ သေဆုံးသူ ၁၀၂ ဦး၊ ယခု၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၏ ရှစ်လအတွင်း ဒဏ်ရာရရှိသူ ၇၀ ဦး၊ သေဆုံးသူ ၅၁ ဦးရှိကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

J-06

  • VIA