News

POST TYPE

NEWS

TMH တယ်လီကွန်းက ရှယ်ယာတစ်စု ၃၀၀၀ ကျပ်နှုန်းနှင့် စတော့အိတ်ချိန်းတွင် ရောင်းမည်
ရန်ကုန်၊ ဇန်နဝါရီ ၃

ရန်ကုန်စတော့အိတ်ချိန်းသို့ ငါးခုမြောက်စာရင်းဝင် ကုမ္ပဏီအဖြစ် ဝင်ရောက်မည့် TMH တယ်လီကွန်း အများပိုင်ကုမ္ပဏီသည် လက်ရှိ၌ အများပြည်သူသို့ ကမ်းလှမ်းရောင်းချနေသည့် IPO အစုရှယ်ယာ တစ်စုဈေးနှုန်း ကျပ် ၃၀၀၀ ဖြင့်သာ စတော့အိတ်ချိန်းသို့ ဝင်ရောက်မည်ဖြစ်ကြောင်း ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM) ထံမှ သိရသည်။

TMH ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းကို စတော့အိတ်ချိန်းသို့ ဝင်ရောက်ချိန်တွင် ယခင်စာရင်းဝင် ကုမ္ပဏီများကဲ့သို့ ရှယ်ယာဈေးနှုန်း (Base Price) ကို ထပ်မံသတ်မှတ်တော့မည် မဟုတ်ဘဲ လက်ရှိ အများပြည်သူများသို့ ရောင်းချနေသည့် ရှယ်ယာဈေးနှုန်းဖြင့်သာ စာရင်းဝင်မည်ဖြစ်ကြောင်း SECM အဖွဲ့ဝင် ဦးဌေးချွန်က ပြောကြားသည်။

“စတော့အိတ်ချိန်းပေါ် ရောက်လာပြီးရင်တော့ ဝယ်လိုအားနဲ့ရောင်းချလိုအားပေါ် မူတည်ပြီး ဈေးနှုန်းက အပြောင်းအလဲ လိုက်ဖြစ်လာမှာ”ဟု ၎င်းက ဆိုသည်။

TMH ကုမ္ပဏီသည် ရန်ကုန်စတော့အိတ်ချိန်းသို့ ဇန်နဝါရီလ ၂၅ ရက်နေ့ (သို့မဟုတ်) ၂၆ ရက်နေ့တွင် စာရင်းတင်မည်ဖြစ်ပြီး ရှယ်ယာတစ်စုလျှင် ကျပ်သုံးထောင်ဖြင့် ရန်ကုန်စတော့အိတ်ချိန်းသို့ ဝင်ရောက်မည်ဆိုပါက ရှယ်ယာတစ်စုဈေးနှုန်း အနည်းဆုံးဖြင့် ဝင်ရောက်လာမည့် ကုမ္ပဏီဖြစ်လာမည်ဖြစ်သည်။

လက်ရှိအချိန်တွင် TMH တယ်လီကွန်းအများပိုင်ကုမ္ပဏီက ရင်းနှီးငွေပမာဏ ကျပ် ၁ ဒသမ ၅၉ ဘီလီယံမှ ၁ ဒသမ ၆၃ ဘီလီယံကြားရှိသည့် အစုရှယ်ယာအသစ်ပေါင်း လေးသိန်းကျော်မှ ငါးသိန်းကျော်အထိ အများပြည်သူများကို Securities ကုမ္ပဏီ ၆ ခုမှတစ်ဆင့် ရောင်းချပေးလျက်ရှိသည်။

ရန်ကုန်စတော့အိတ်ချိန်း၌ ပထမမြန်မာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (FMI)၊ မြန်မာ သီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH)၊ မြန်မာနိုင်ငံသားများဘဏ် (MCB) နှင့် ပထမပုဂ္ဂလိကဘဏ် (FPB) တို့က ရှယ်ယာများ အရောင်းအဝယ် လုပ်ဆောင်လျက်ရှိပြီး မြန်မာ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း (MAPCO) နှင့် ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီတို့ကလည်း စတော့အိတ်ချိန်းသို့ ဝင်ရန် လုပ်ဆောင်လျက်ရှိသည်။

TMH တယ်လီကွန်း အများပိုင်ကုမ္ပဏီသည် ပြည်တွင်းဆက်သွယ်ရေး လုပ်ငန်းများအတွက် လိုအပ်သော အခြေခံအဆောက်အဦ တည်ဆောက်ခြင်း၊ ဖုန်းငွေဖြည့်ကတ် ထုတ်လုပ်ခြင်း၊ အင်တာနက်ဖိုက်ဘာ ပြုပြင်ထိန်းသိမ်းခြင်းအပြင် အခြားဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်သည်။

J-01