News

POST TYPE

NEWS

ဖြိုးကိုကိုတင့်ဆန်းကို စတင် တရားစွဲ
03-Jan-2018 tagged as နေပြည်တော် ACE


နေပြည်တော်၊ ဇန်နဝါရီ ၃

အားကစားဝန်ကြီးဟောင်း ဦးတင့်ဆန်း၏သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၈ ဦးကို နေပြည်တော်၊ ဒက္ခိဏ ခရိုင်တရားရုံးတွင် ဇန်နဝါရီ ၃ ရက်နေ့က စတင် တရားစွဲဆိုလိုက်ကြောင်း နေပြည်တော် ဒက္ခိဏ ခရိုင်တရားသူကြီး ဦးလှဝင်းက တရားခွင်တွင် ပြောကြားလိုက်သည်။

တရားစွဲဆိုလိုက်သည့် အမှုများမှာ နေပြည်တော်တွင် ဖမ်းဆီးစစ်ဆေးသည့် ကိစ္စများနှင့်သာ သက်ဆိုင်ပြီး ရန်ကုန်မြို့တော်တွင် ဖမ်းဆီးစစ်ဆေးသော ကိစ္စများနှင့်မဆိုင်ကြောင်း တရားရုံးထံမှ သိရသည်။

နေပြည်တော်လေဆိပ်တွင် ၂၀၁၇ အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက ဦးဖြိုးကိုကိုတင့်ဆန်းကို  လက်နက်၊ မူးယစ်ဆေးဝါးများဖြင့် တွေ့ရှိခြင်း၊ အောက်တိုဘာ ၁၆ ရက်နေ့က ၎င်းပိုင် နေပြည်တော်ရှိ ACE HOTEL၊ ရန်ကုန်မြို့ရှိ ACE ကုမ္ပဏီရုံးချုပ်တို့တွင် လက်နက်များနှင့် မူးယစ်ဆေးအချို့ ရှာဖွေဖမ်းဆီးရမိခဲ့ခြင်းတို့ ဖြစ်ပွားခဲ့ပြီးနောက် ပါဝင်ဆက်နွှယ်သူ ၈ ဦးကို ရဲတပ်ဖွဲ့က အမှု ၁၀ မှုဖြင့် ဒက္ခိဏသီရိ ခရိုင်တရားရုံးသို့ တရားစွဲဆို တင်ပို့လိုက်ခြင်းဖြစ်ပြီး လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့မှ စတင်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရုံးထုတ်စစ်ဆေးမည် ဖြစ်သည်။

လာမည့် ရုံးချိန်းတွင် ယင်းအမှုများ အနက်မှ ရာဇဝတ်/သေးအမှုဖြစ်သော တရားခံပြေးအမှုကို စတင်စစ်ဆေးမည်ဖြစ်ပြီး ယင်းရာဇဝတ်/သေး အမှုများ ပြီးစီးသည့်အခါ ရာဇဝတ်ကြီး အမှုများကို ဆက်လက် စစ်ဆေးမည်ဖြစ်ကြောင်းနှင့် လယ်ဝေးမြို့နယ် အေလာရဲစခန်းနှင့် ဒက္ခိဏသီရိ နယ်မြေရဲစခန်းတို့က နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေဖြင့် အမှုနှစ်ခု ထပ်တင်ရန်ရှိနေကြောင်း ခရိုင်တရားသူကြီး ဦးလှဝင်းက ဆိုထားသည်။

“ပထမရက်က ရာဇဝတ်/ကြီးမှု ၅ မှုရယ် တရားခံပြေး တစ်မှုရယ်၊ ဒီနေ့ ရာဇဝတ်/ကြီးမှု ၃ မှုရယ်၊ တရားခံပြေး တစ်မှုရယ် ဆိုတော့ အားလုံး ရာဇဝတ်/ ကြီးမှု ၈ မှုရယ်၊ တရားခံပြေး ၂ မှု ရယ်၊ ဒါပဲရှိသေးတယ်”ဟု ဒုတိယခရိုင် တရားသူကြီး ဦးခင်မောင်ထွေး( သတင်းပြန်ကြားရေးအရာရှိ) က မီဒီယာများကို သီးသန့် တွေ့ဆုံရှင်းပြသည်။

S-01