News

POST TYPE

NEWS

အိပ်မက်ကြီးကြီး၊ ပုံပျက်စနစ်ဆိုးနှင့် အီရန်မငြိမ်သက်မှု နောက်ကွယ်

ဇေဝင်းနောင် ရေးသားသည်။

အီရန်နိုင်ငံ၌ ဆန္ဒပြပွဲများ၊ အုံကြွမှုများ ဆက်တိုက်ဖြစ်ပွားနေသည်မှာ တစ်ပတ်နီးပါး ရှိလာပြီဖြစ်သည်။ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြမှုထက် အဓိကရုဏ်းဆန်ဆန်ဖြစ်ရပ်များ ပိုများနေသလို အာဏာပိုင်တို့ကလည်း အင်အားသုံးပြီး ပြင်းပြင်းထန်ထန် နှိမ်နင်းလျက်ရှိသည်။ အနောက်ကမ္ဘာကတော့ အီရန်နိုင်ငံတွင်း လူမှုကွန်ရက်များ အပိတ်ခံလိုက်ရခြင်းကို အဓိကထား ပြစ်တင်ဝေဖန်နေကြပြီး အနောက်မီဒီယာများကတော့ ယိုယွင်းနေသော အီရန်စီးပွားရေးသည် လူငယ်များ၏ မကျေနပ်ချက်တို့ ပေါက်ကွဲပွင့်အံသွားစေသော အဓိကအကြောင်းတရားအဖြစ် ဖော်ပြနေကြသည်။

ထိုအကြောင်းတရားသည် အဓိကဖြစ်နိုင်သော်လည်း စေ့ဆော်သော၊ ဆက်စပ်သော၊ ပံ့ပိုးသော အကြောင်းချင်းရာများကိုပါသိမှသာ အမှန်ကိုမြင်နိုင်မည်ဖြစ်ပေသည်။ သဘောထားပျော့ပြောင်းသည်ဟု အနောက်ကမ္ဘာကပါ လက်ခံထားကြသော၊  ကမ္ဘာ့နိုင်ငံကြီးများနှင့် နျူကလီးယားသဘောတူညီချက် ရယူနိုင်ခဲ့သော၊ လူထုက နှစ်သက်၍ပင် ဒုတိယသက်တမ်း ထပ်မံတင်မြှောက်ခံထားရသည်မှာ မကြာသေးသော သမ္မတဟာဆန်ရိုဟာနီအပေါ် အဘယ့်ကြောင့် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်လာရပါသနည်း။

အီရန်ဆိုသည်မှာ အရှေ့အလယ်ပိုင်းရှိ ဆွန်နီမွတ်ဆလင်နိုင်ငံများ၏ ရန်လိုခံနေရသော ရှီးယိုက်မွတ်ဆလင်နိုင်ငံတစ်ခု၊ နျူလက်နက်စီမံကိန်းဖျက်သိမ်းရေး နိုင်ငံတကာနှင့် သဘောတူပြီးခါမှ မူပြောင်းသွားသော အမေရိကန်သမ္မတသစ်ထရမ့်ကြောင့် မတိုးသာ မဆုတ်သာဖြစ်နေသော နိုင်ငံတစ်ခုဆိုသည်ထက် ပို၍ နက်နက်ရှိုင်းရှိုင်း ရှုမြင်ကြည့်နိုင်မည်ဆိုပါလျှင် . . .

ဘာသာရေးခေါင်းဆောင်က တိုင်းပြည်အဓိပတိနေရာယူထားပြီး ဘာသာရေးအဖွဲ့အစည်းက အရပ်ရပ်ချုပ်ကိုင်ထားကာ လူထုက ရွေးကောက်တင်မြှောက်ထားသော သမ္မတ၏ လုပ်ပိုင်ခွင့် အကန့်အသတ်ရှိသော နိုင်ငံတစ်ခု၊ တံခါးဖွင့်ပေးလိုက်လျှင် ရင်းနှီးမြှုပ်နှံမှုများ တစ်ဟုန်ထိုးတက်လာပြီး တိုင်းပြည်ကြီးနေ့ချင်းညချင်း ချမ်းသာဝပြောလိမ့်မည်ဟု မျှော်လင့်ချက်ကြီးမားသော ပြည်သူပြည်သူများ ရှိရာအရပ်တစ်ခုဆိုသော အခြေအနေကိုပါ မြင်တွေ့ရမည်ဖြစ်ပြီး လတ်တလောဖြစ်ပေါ်နေသော ဆန္ဒပြမှုများ၊ မငြိမ်သက်မှုများ နောက်ကွယ်မှ အကြောင်းတရားများကို ပိုမိုနားလည်နိုင်မည်ဖြစ်သည်။ ခေတ်ပြိုင်အခြေအနေများနှင့်လည်း နှိုင်းယှဉ်ဆင်ခြင်နိုင်လိမ့်မည်ဟု ထင်ပါသည်။

သူတော်ကောင်းယောင်ဆောင်သော အနောက်ကမ္ဘာမှ မီဒီယာတို့ပြောသော အီရန်မျက်မှောက်ရေးရာနှင့် အစိုးရဘက်ကသာ ရပ်တည်၍ တစ်ဖက်ပိတ်ဖော်ပြလေ့သော အီရန်နိုင်ငံပိုင်မီဒီယာတို့က ဖော်ပြသော အခြေအနေများအကြား ပကတိအရှိတရားကို ရှာဖွေရသည်မှာ အလွန်ခက်ခဲသော ကိစ္စတစ်ရပ်ဖြစ်ပါသည်။ အီရန်ပြည်သူတို့နှင့် ရင်ဘတ်ချင်း အနီးဆုံးမြေပြင်အခြေအနေကို တင်ပြနိုင်သူ၏ သဘောထားအမြင်ကိုသာ အမှန်တရားနှင့် အနီးစပ်ဆုံးအဖြစ် မှတ်ယူလေ့လာသင့်သည်ထင်ပါသည်။ သို့ဖြစ်သောကြောင့် ဗြိတိန်ထုတ် ဂါးဒီးယန်းသတင်းစာပါ တိုင်းမဂ္ဂဇင်း၏ အရှေ့အလယ်ပိုင်းသတင်းထောက်ဟောင်း အဇာဒါ မိုအာဗီနီရေးသားသော ဆောင်းပါးကို ပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်။

အီရန် အနောက်မြောက်ပိုင်းမှ ကာ့ဒ်လူမျိုးအများစုနေထိုင်ရာ ကာမန်ရှားမြို့တွင် ပြီးခဲ့သော သောကြာနေ့က ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲသည် တော်လှန်ရေးတို့၏ ဂန္ထဝင်ပုံစံအတိုင်းပင်ဖြစ်သည်။ စုတ်ပြတ်ပေရေနေသော ဝတ်စုံများ ဝတ်စားထားကြသည့် လူငယ်များသည် သူတို့ခေါင်းကို တည်ထိုးနေသော လူစုခွဲရာတွင်သုံးသည့် ရေအမြောက်များကိုဖီဆန်ပြီး ရဲများကို ပြန်လည်အော်ဟစ်ကြ၊ ခဲဖြင့်ပေါက်ကြရင်း တုံ့ပြန်နေကြသည်။ လူမှုကွန်ရက်ပေါ်တွင် တွေ့မြင်ရသည့် ပုံရိပ်များအရဆိုလျှင်တော့ လူအုပ်သည် ရာဂဏန်းထက်မပိုခဲ့။ သို့သော်လည်း ဖီဆန်မှုကတော့ ပြင်းထန်လွန်းသည်။ ကာမန်ရှားမြို့သားတွေကို အဘယ်သို့သော အကြောင်းတရားက မကျေမနပ်ဖြစ်စေခဲ့ပါသနည်း။ နောက်လေးရက်ဆက်တိုက် နိုင်ငံအနှံ့ မြို့ပေါင်း ၂၀ ကျော်တွင် ဆန္ဒပြခဲ့ကြသော အီရန်ပြည်သူများကို အဘယ်အကြောင်းတရားက စေ့ဆော်ခဲ့ပါသနည်း။

ဘယ်မီဒီယာ၊ ဘယ်သတင်းကို သင်ဖတ်သလဲဆိုသည့်အပေါ် မှီခိုပြီး အကြောင်းမျိုးစုံ ဖတ်ရှုရပါလိမ့်မည်။ ကုန်ဈေးနှုန်း ကျဆင်းစေချင်သည်၊ စီးပွားရေး ပိုကောင်းစေချင်သည်ဆိုသော အခြေခံမှသည် ဘာသာရေးခေါင်းဆောင်များ ထိန်းချုပ်ထားသော အစိုးရတစ်ခုလုံး ပြုတ်ကျစေချင်သည်ဆိုသော လိုအင်ဆန္ဒအထိ အမျိုးမျိုးရှိနေပြီး အင်အားမကောင်းသော ကန့်ကွက်မှုတစ်ခုအဖြစ်မှသည် အာရပ်နွေဦးတော်လှန်ရေးပမာ အရှိန်အဟုန်ကြီးလာတော့မည့် ဖြစ်စဉ်တစ်ခု၏ နိဒါန်းအဖြစ် ဖော်ပြမှုမျိုးစုံရှိနေသည်။ 

တစ်ကယ်တမ်းတွင်တော့ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံတွင် မကျေနပ်ချက်ကို ဖော်ပြကန့်ကွက်ခြင်းသည် (အနောက်မီဒီယာများက မကြာခဏပုံဖော်ကြသလို) ရှားပါးဖြစ်စဉ်မဟုတ်လှပေ။ ဝတ်စားဆင်ယင်မှုနှင့် အများပြည်သူနှင့်ဆိုင်သော နေရာများသွားလာခွင့် ကန့်သတ်ချက်များအပေါ် အာဏာဖီဆန်မှုမျိုးမှာအမျိုးသမီးများပါဝင်ကြသည်၊ လစာမရသည့် ကိစ္စ၊ ရင်းနှီးအပ်နှံငွေများဆုံးရှုံးသည့် ကိစ္စမျိုးမှာ သာမန်ပြည်သူများ ကန့်ကွက်ဆန္ဒပြကြသည်။

သို့သော်လည်း လမ်းမပေါ်တွင် မငြိမ်မသက်ဖြစ်ခြင်းမှာမူ ရှားပါးဖြစ်စဉ်ဖြစ်ပြီး ယင်းသို့သော ကိစ္စမျိုးမှာ ကြေးမုံတန်းကြီးသဖွယ် ရောင်ပြန်ဟပ်လာမည့်ကိစ္စဖြစ်သည်။ ထူပူနေသောအစိုးရက တိုင်းတစ်ပါးသားများ၊ ဒေသတွင်းပြိုင်ဘက်နိုင်ငံများ၏ ကောလာဟလဖြန့်ချိမှုများကို အပြစ်ဖို့သည်။ အတိုက်အခံအုပ်စုများနှင့် အခွင့်အရေး လှုပ်ရှားသူများကလည်း ၎င်းတို့၏ အယူဝါဒများ၊ အိမ်မက်များကို လမ်းကြောင်းပေါ် ဆွဲတင်ကြပြီး အဓိကအားဖြင့် အစိုးရပွင့်လင်းမြင်သာမှုပိုရှိရေး၊ ဆင်းရဲချမ်းသာကွာဟမှု လျှော့ချရေး၊ ခြစားမှုနည်းပါးရေး တောင်းဆိုမှုများ ပါလာကြသည်။

ကာမန်ရှားတွင်တော့ လူအများက ငွေကြေးဖောင်းပွမှု၊ အလုပ်လက်မဲ့ဖြစ်မှုနှင့် အီရန်စီးပွားရေး၏ အခြားသော မရေရာမှုများအပေါ် စိတ်ကုန်နေကြခြင်းဖြစ်သလို အထူးအားဖြင့် မကျေနပ်ကြသည်မှာ အစိုးရက ၎င်းတို့ဒေသကို မျက်ကွယ်ပြုထားသည်ဆိုသော မှတ်ယူလက်ခံထားမှုကြောင့်ဖြစ်သည်။ ကာမန်ရှားတွင် နာမကျန်းဖြစ်သူများ သေဆုံးနှုန်းမှာ တစ်နိုင်ငံလုံးပျမ်းမျှထက် မြင့်နေသည်။ အစိုးရဘက်ကလည်း လူထု၏ မကျေနပ်မှုနှင့် ယင်းတို့ကို မျက်ကွယ်ပြုခြင်း၏ အကျိုးဆက်ကို ကောင်းကောင်းကြီးသိထားသည်။ ဥပမာအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပတ်သက်သောအဖွဲ့တစ်ဖွဲ့၏ အစီရင်ခံစာတွင် ယင်းမကျေနပ်ချက်များကြောင့် အနောက်မြောက် နယ်စပ်ဒေသတစ်လျှောက်တွင် ဆာလာဖီဂျီဟတ်အုပ်စုများ အားကောင်းလာနိုင်ပြီး ယင်းကိစ္စကို မည်သို့ကိုင်တွယ်သင့်သည်ဆိုခြင်းကို အသေးစိတ်ဖော်ပြထားသည်။

ကာမန်ရှားတွင်ဖြစ်သည်က ကာမန်ရှား၏ ပြဿနာများသာဖြစ်သော်လည်း နိုင်ငံအရှေ့မြောက်ပိုင်းရှိ မက်ရှ်ဟက်ဒ်ကို ပြန့်သွားသည့်အခါတွင်တော့ ဆန္ဒပြသူများက နိုင်ငံ့စီးပွားရေးအပေါ် မကျေမနပ် ကန့်ကွက်ကြသလို “ရိုဟာနီကျဆုံးပါစေ”ဟုပါ ကြွေးကြော်လာ ကြသည်။ မက်ရှ်ဟက်ဒ်သည် သမ္မတရိုဟာနီ၏ အဓိကရန်ဘက်နှစ်ဦးအား ကောင်းရာအရပ်ဖြစ်သည်။ တစ်ဦးက သောကြာနေ့ဝတ်ပြုမှုကို ဦးဆောင်ရသူဖြစ်ပြီး ဆန္ဒပြသူများဘက်မှ စာနာမိကြောင်း လူသိရှင်ကြား ထုတ်ဖော်ခဲ့သည်။ 

သဘောထားတင်းမာသည့် မီဒီယာအုပ်စုများကလည်း မီးထိုးပေးကြသည်။ ပြီးခဲ့သော ကြာသပတေးနေ့တွင်တော့ ရိုဟာနီကိုဆန့်ကျင်သော အုပ်စုများသည် ရိုဟာနီကို အပြုတ်တိုက်ရေးအထိ လှုံ့ဆော်လာကြပြီး သမ္မတ၏ စီးပွားရေးစီမံကိန်းများ အဆုံးသတ်ရေးသာမကဘဲ ရိုဟာနီသည် သမ္မတအဖြစ်မှသည် နိုင်ငံ့အထွတ်အထိပ် ဘာသာရေးခေါင်းဆောင်နေရာ လစ်လပ်သည်နှင့် ဝင်ယူရန်အထိ အကြံကြီးသော မရှိသင့်သည့်သူဟု ပုံဖော်လာကြသည်။

အပြောင်းအလဲမြန်သောအီရန်တွင် ငြိမ်သက်နေသောကိစ္စဟု ထင်ရသည်က ရုတ်ချင်းပင် လှုပ်လှုပ်ရှားရှားဖြစ်လာတတ်ပြီး မငြိမ်သက်မှုသည် သူ့အရှိန်သူရှာတွေ့သွားလေ့ရှိသည်။ နိုင်ငံတကာသို့ တံခါးပွင့်လာမှုသည် လူချမ်းသာများအတွက် သွားချင်ရာသွား၊ လုပ်ချင်ရာလုပ်နိုင်ရန်အတွက်သာ အကျိုးဖြစ်ထွန်းမှုရှိသည်ဆိုခြင်းကို မြင်လာသော နိုင်ငံတစ်ဝန်းရှိ အလုပ်သမားလူတန်းစား လူငယ်များအတွက် စီးပွားရေးအရ ဂုဏ်သိက္ခာမပေးနိုင်သော ပုံမှန်မဟုတ်သည့် နိုင်ငံရေးစနစ်အပေါ် မကျေနပ်ချက်များအတွက် အုံကြွမှုများသည် ထွက်ပေါက်ဖြစ်လာခဲ့သည်။

ဆန္ဒပြမှုများက တစ်ပြည်နယ်မှ တစ်ပြည်နယ် ပြန့်လာချိန်တွင် ကာမန်ရှားကဲ့သို့သော ဗဟိုအစိုးရ၏ လျစ်လျူရှုခံရသည်ဟု မြင်ရသော အခြားဒေသများတွင် မငြိမ်သက်မှုက ကြီးထွားလာသည်။ ပြီးခဲ့သည့်နှစ်မေလတွင် မျှော်လင့်ချက်ကြီးကြီး ထောက်ခံမှုအားကောင်းကောင်းဖြင့် ရိုဟာနီကို ဒုတိယသက်တမ်းအတွက် တင်မြှောက်ခဲ့ကြခြင်းဖြစ်ရာ ယခုကဲ့သို့သော မငြိမ်သက်မှုမှာ ကြိုဆိုချင်စရာမကောင်းသော၊ စောလျင်စွာရောက်နှင့်သော အလှည့်အပြောင်းတစ်ရပ်ဟု ဆိုနိုင်သည်။ သမ္မတသည်  စီးပွားရေးနာလန်ထူလာရေးကို ဦးစားပေးကတိပြုခဲ့သော်လည်း သူ့ရွှေ့ကွက်တိုင်းမှာ ပိတ်ဆို့တားဆီးခံခဲ့ရသည်။ 

JCPOA နျူကလီးယားသဘောတူညီချက် လက်မှတ်ထိုးပေးလိုက်ခြင်းအတွက် အတုံ့အလှည့်အဖြစ် အနောက်ကမ္ဘာက ကတိပြုထားသော အရေးယူပိတ်ဆို့မှုများ ဖြေလျှော့မှုမှာလည်း ဖြစ်လတ္တံ့ဆဲဆဲသာ ရှိသေးသည်၊ ဘဏ်စနစ်ပြုပြင်ပြောင်းလဲမည့် သူ့အစီအစဉ်မှာလည်း ဆုံးရှုံးနစ်နာမည်ကို ကြောက်နေသော အမြစ်တွယ်ခြေကုပ်ယူထားသည့် ဘာသာရေးနှင့် လုံခြုံရေးအင်အားစု၏ ကန့်ကွက်တားဆီးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။

ပြိုင်ဘက်များက ဒုတိယသမ္မတ၏အစ်ကိုကို ဖမ်းဆီးလိုက်ပြီဖြစ်သလို သမ္မတ၏ အစ်ကိုကိုလည်း စွဲချက်တင်မည်ဟု ခြိမ်းခြောက်ထားခဲ့သလို အရေးပါသော ရေနံနှင့် သဘာဝဓာတ်ငွေ့ သဘောတူညီချက်များ မချုပ်ဆိုနိုင်ရန်လည်း အနှောင့်အယှက်ပေးခဲ့သည်။ သို့နှင့်ပင် သမ္မတရိုဟာနီသည် ဖွဲ့စည်းပုံဆိုင်ရာ အကြီးစားအပြောင်းအလဲများ လုပ်ရမည့်အစား နိုင်ငံခြားသားဝင်ရောက်မှုအပေါ် ထွက်ခွာအခွန် (exit taxes) တိုးကောက်ခြင်း၊ လူလတ်တန်းစားကို မူလီကြပ်ခြင်းအမှုကိုသာ ပြုနေရသည်။

တိုင်းပြည်တွင် ရင်ဆိုင်နေရသည့် အဓိကစိန်ခေါ်မှုက လူထုက စိတ်ကုန်သွားခြင်းမဟုတ်။ သူတို့တစ်ဦးချင်းစီ၏ စိတ်ရှည်မှုအတိုင်းအတာ ကွာခြားနိုင်သော်လည်း စောင့်ဆိုင်းခဲ့ကြပါသည်။ စီးပွားရေးကတိကဝတ်များကို ဖြည့်ဆည်းပေးပြီး ပုံကျပန်းကျအုပ်ချုပ်မည့် စနစ်တစ်ခု အကောင်အထည်ပေါ်လာမည့်အချိန်ကို သူတို့တွေ စောင့်ခဲ့ကြသည်။ သို့သော်လည်း လက်ရှိအခြေအနေတွင် ထိုမျှော်လင့်ချက်တို့ အပ်ကွက်မိနေသည်။ ရှေ့မတိုးနိုင်ဖြစ်နေသည်။ 

အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာများကို အပြိုင်နိုင်ငံရေးနှင့် ဘဏ္ဍာရေးလုပ်ငန်းစဉ်များရှိနေသော ဘာသာရေးနှင့် စစ်ဘက်အဖွဲ့အစည်းများက ဟန့်တားထားသည်။ တစ်ကမ္ဘာလုံးနှင့် ထိတွေ့ပေါင်းစပ်ရန် စိတ်အားထက်သန်နေသော လူ့အဖွဲ့အစည်းအပေါ် ရှေရှည်မတည်တံ့နိုင်သည့် စည်းမျဉ်းများ ချမှတ်ထိန်းချုပ်နေချိန်တွင် ဘာသာရေးအခြေပြု သမ္မတနိုင်ငံသည် မည်သည့်အခါကမှ အလုပ်ဖြစ်မည့် နည်းလမ်းမျိုးနှင့် မနီးစပ်ခဲ့။

ထိုသို့သော အီရန်နိုင်ငံကို လက်တွေ့ကျကျ မှန်မှန်ကန်ကန် မည်သို့ သုံးသပ်ရပါမည်နည်း။ အထူးသဖြင့် လတ်တလော သိပ်မကြီးသေးဟု ဆိုနိုင်သည့်တိုင် ဆန္ဒပြမှုများနှင့် ရှုပ်ထွေးနေသောအခါမျိုးမှာ မည်သို့ ခိုင်ခိုင်မာမာ သုံးသပ်နိုင်ပါမည်နည်း။ ထင်သာသော စီးပွားရေးမကျေနပ်ချက်များက ဆန္ဒပြမှုများ ဖြစ်စေခဲ့သော်လည်း အီရန်သားအများစုသည် ဆွန်နီမွတ်ဆလင်ပင်လယ်ကွေ့နိုင်ငံများမှ ထွက်ပေါ်လာသော ရန်လိုမှုများကို စိုးရိမ်နေကြသောကြောင့် ယခင်ကထက်ပို၍ပင် အမျိုးသားရေး စိတ်ဓာတ်အားကောင်းနေသည်ဆိုသော အချက်ကိုလည်း ထည့်တွက်ရန် လိုအပ်ပါသည်။ ပြည်သူများအကြား သဘောကွဲလွဲနေသည်က အီရန်၏ ဒေသတွင်းနှင့် နိုင်ငံတကာအလယ် ရပ်တည်ချက်နှင့် ပါဝင်ပတ်သက်မှုအပေါ်တွင်သာဖြစ်ပြီး ယင်းမှာ ငွေဖြုန်းသည့်ကိစ္စ၊ အလုပ်မဖြစ်သည့် ကိစ္စဆိုသောအယူမျိုး အချို့ထံမှာရှိနေသည်။ 

သို့သော်လည်း အားကောင်းလာသော အာရပ်ဆန့်ကျင်ရေး အယူအဆအပေါ်တွင်မူ ညီညွတ်သော သဘောထားမျိုးရှိနေသည်။ အီရန်၏ လက်ဘနွန်မှ ဟစ်ဇ်ဘိုလာတို့အပေါ် ပံ့ပိုးနေမှုကို ကန့်ကွက်သည့် ကြွေးကြော်သံမျိုး ဆန္ဒပြပွဲတွင် ကြားခဲ့ရသော်လည်း တစ်ရပ်ကွက်လုံး ပျောက်ကျားတဲများထိုးပြီး ဆီးရီးယားတွင် တိုက်ပွဲဝင်ပြီး ပြန်လာမည့်တပ်ဖွဲ့များကို ကြိုနေသည့်နေရာတွေ နိုင်ငံအနှံ့မှာရှိနေသည်။

“အာဏာရှင်ကျဆုံးပါစေ” ဆိုသောကြွေးကျော်သံမျိုး အီရန်မြို့ကြီးများတွင် ကြားခဲ့ရသော်လည်း အီရန်သားများ ဒေါသထွက်လာသောအခါ တစ်ခုခုကို “ကျဆုံးပါစေ” ဟု အလျဉ်းသင့်သလို ကြွေးကြော်တတ်သည်က အနှစ် ၄၀ နီးပါးရှိပြီဆိုသည့်အချက်ကို ထည့်စဉ်းဟားရန်လိုသည်။ ယင်းမှာ “စနစ်ကြီးကို ပြောင်းပေးပါ”ဟု တောင်းဆိုခြင်းလည်း ဖြစ်နိုင်သလို “မိမိဘဝကို အဆင်မပြေဖြစ်စေအောင် ရုပ်လုံးဖော်ဖန်တီးသည့် ခေါင်းဆောင်ဟု သူထင်သည်ကိုသာ ရာထူးမှဆင်းခိုင်းခြင်းလည်း ဖြစ်နိုင်သည်။ 

မကျေနပ်မှုကို ဖော်ပြပါက ဆိုးရွားသော အကျိုးဆက်များ ခံစားရလေ့ရှိသော နိုင်ငံရေးမျိုးနှင့် ရှုပ်ထွေးနက်နဲသော ထိတွေ့မှုအစဉ်အလာရှိသော ပြည်သူတို့တွင် ဖြစ်တတ်သည့်ကိစ္စဖြစ်သည်။ “ကျဆုံးပါစေ” ဆိုသောစကားကိုယ်၌သည်ပင် ဓလေ့ထုံးတမ်းတစ်ခုဖြစ်လာပြီး တရားဝင်တောင်းဆိုမှုဟု တွက်ဆရန်အကြောင်း ခိုင်ခိုင်လုံလုံမရှိလှပေ။

တနင်္ဂနွေနေ့တွင်တော့ သမ္မတရိုဟာနီက “လူထုမှာ လွတ်လွတ်လပ်လပ် ဝေဖန်ပိုင်ခွင့်၊ ဆန္ဒပြပိုင်ခွင့်ရှိပါတယ်”ဟု အသိအမှတ်ပြုခဲ့သည်။ သို့သော်လည်း ဆန္ဒပြမှုမှသည် မငြိမ်မသက်ဖြစ်အောင်၊ ဝရုန်းသုန်းကားဖြစ်အောင် လှုံ့ဆော်သူများကိုမူ သတိပေးသွားခဲ့သည်။ သမ္မတ၏ စကားလုံးတို့မှာ အားပါလှသော်လည်း ဝေဖန်မှုများအတွက် တံခါးဖွင့်ပေးရန်အတွက်ဆိုပါက လက်ရှောင်နေသည့် ပြုပြင်ပြောင်းလဲရေးသမားများကို နိုင်ငံရေးရပ်ဝန်းအတွင်း ဆွဲသွင်းရန်လိုပြီး စနစ်ကြီးအတွင်း သူတို့အတွက် နေရာမရှိဟု ခံစားနေရပုံပေါ်သော လူငယ်များ၏ မကျေနပ်ချက်များကို ကိုင်တွယ်ဖြေရှင်းပေးရန် လိုအပ်နေပေသည်။ ယင်းအချက်အားလုံး၏ လုပ်ကိုင်ရခက်ခဲမှုသည်ပင် အီရန်တွင် နှစ်ပေါင်းများစွာ ကြုံတွေ့နေရသော ပြဿနာပင်ဖြစ်ပြီး လမ်းများပေါ်တွင် ဆန္ဒပြမှုများ၊ အုံကြွမှုများ အခါအားလျော်စွာ မည်သို့ပင် ဖြစ်ပွားလာသည်ဖြစ်စေ ဆက်ရှိနေဦးမည့် ပြဿနာလည်းဖြစ်သည်။ 

Ref : Guardian,Iran knows how to silence protests. If only it knew how to listen by AzadehMoaveni