News

POST TYPE

NEWS

မြန်မာဝူရှူးအဖွဲ့ အာရှအားကစားပြိုင်ပွဲနှင့် အာဆီယံ တက္ကသိုလ်ပေါင်းစုံပြိုင်ပွဲအတွက် စခန်းသွင်းမည်
ရန်ကုန်၊ ဇန်နဝါရီ ၂

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲနှင့် အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှအားကစားပြိုင်ပွဲတို့အတွက် မြန်မာဝူရှူးအဖွဲ့ကို စခန်းသွင်းလေ့ကျင့်တော့မည် ဖြစ်သည်။ 

မြန်မာဝူရှူးအားကစားအဖွဲ့သည် လက်ရှိအချိန်တွင် ကစားသမားများ စတင်ရွေးချယ်နေပြီဖြစ်ပြီး ဇန်နဝါရီလ ၁၅  ရက်နေ့တွင် နေပြည်တော်ရှိ အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းသွင်းပြင်ဆင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်၏ နည်းပြချုပ် ဦးခင်စိုးက ပြောကြားသည်။ 

“ကျွန်တော်တို့ လက်ရှိတော့ ရွေးချယ်ပွဲတွေ ပြုလုပ်နေသလို ရွေးချယ်ပွဲ လုပ်ပြီးထားတဲ့ အမျိုးအစားတွေလည်းရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဇန်နဝါရီ ၁၅ မှာ စပြီး စခန်းသွင်းမယ်။ တက္ကသိုလ်ပွဲအတွက်ကိုလည်း ရှေ့ဆင့်နောက်ဆင့်ဆိုသလို စခန်းဝင်လေ့ကျင့်ဖို့ စီစဉ်သွားမှာပါ”ဟု ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်သည် လက်ရှိတွင် ထောက်လုအမျိုးအစားအတွက် ကစားသမားရွေးချယ်ပြီးဖြစ်သော်လည်း ဆန်းဆိုအမျိုးအစားအတွက် ကစားသမားရွေးချယ်ရန် စီစဉ်နေကြောင်း သိရှိရသည်။ 

အာရှပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်ရန် ကစားသမား ၃၀ ဦး လျာထားပြီး တက္ကသိုလ်ပေါင်းစုံပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်မည့် ကစားသမားအရေအတွက်ကိုမူ လက်ရှိတွင် ထုတ်ပြန်နိုင်ခြင်းမရှိသေးဘဲ စိစစ်ဆဲဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်နှင့် နီးစပ်သူများထံက သိရသည်။ 

မြန်မာဝူရှူးအားကစားအဖွဲ့သည် ယခု ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်းတွင် ကျင်းပမည့် အာရှအားကစားပြိုင်ပွဲနှင့် ဒီဇင်ဘာလအတွင်းတွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတို့ကို ယှဉ်ပြိုင်မည်ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

J-04