POST TYPE

NEWS

၁၀ ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းဆုရှင် မတွေ့သေး
02-Jan-2018


ရန်ကုန်၊ ဒီဇင်ဘာ ၂

၁၀ ကြိမ်မြောက် အောင်ဘာလေ သိန်းတစ်သောင်း ကံထူးရှင်ကို ဇန်နဝါရီ ၂ ရက်နေ့ ညနေပိုင်းအထိ မတွေ့ရှိသေးဘဲ ရှာဖွေနေဆဲဖြစ်ကြောင်း မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ ပင်ရင်းထီဆိုင်ထံမှ သိရသည်။

လက်ရှိအချိန်အထိ ကျပ်သိန်း တစ်သောင်းဆုကို မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်ထံမှ ခြောက်ကြိမ် ကံထူးထားခြင်းဖြစ်ပြီး ယခုအကြိမ်၏ ကံထူးရှင်ကို တွေ့ရှိပါက ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ယင်းထီဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကျွန်မတို့ ရှာဖွေနေပါတယ်။ ပထမ မကွေးကလို့ သိရပေမယ့် အက္ခရာလွဲနေလို့ ပြန်ပြီးရှာနေရပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ရှေ့အကြိမ်များက သိန်းတစ်သောင်း ကံထူးရှင်များကို စောစီးစွာ တွေ့ရှိလေ့ရှိသော်လည်း အန္တရာယ်ရှိဒေသများမှ ဆွတ်ခူးသည့် အချို့သော ကံထူးရှင်များကို လုံခြုံရေးအရ လျို့ဝှက်ထားပေးရမှုများ ရှိခဲ့ပြီး ၎င်းတို့ကို အောင်ဘာလေသိန်းဆုဌာနက ဆုငွေများ ထုတ်ယူပြီးချိန် လုံခြုံမှုရှိသည့် အချိန်များမှသာလျှင် ထုတ်ပြန်ပေးရမှုများရှိကြောင်း အဆိုပါ တာဝန်ရှိသူက ရှင်းလင်း ပြောကြားသည်။

ယခုဖွင့်လှစ်သည့် အောင်ဘာလေထီတွင် ထီလက်မှတ်အားလုံး ရောင်းကုန်ခဲ့သည့်အတွက် ကျပ်သိန်းငါးရာ တစ်ဆု ထပ်တိုးဖွင့်ပေးခဲ့ပြီး ကျပ်သိန်းငါးရာ နှစ်ဆုအဖြစ် ဖွင့်လှစ်ပေးခဲ့ကာ ထိုသို့ လက်မှတ်အားလုံး ကုန်အောင်ရောင်းချနိုင်သည့် အောင်ဘာလေဖွင့်ပွဲတိုင်း ဆုတိုးမြှင့် ချီးမြှင့်လေ့ရှိကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲထံမှ သိရသည်။

S-04

  • VIA