News

POST TYPE

NEWS

နှစ်သစ်ကူးည ရန်ကုန်ဆေးရုံကြီးသို့ လူနာ ၂၀ဝ ရောက်၊ လေးဦးသေ
01-Jan-2018


ရန်ကုန်၊ ဇန်နဝါရီ ၁

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသဌာနသို့ ၂၀၁၈ ခုနှစ် နှစ်သစ်ကူး ညတွင် ထိခိုက်ဒဏ်ရာ ရရှိမှုကြောင့် လာရောက်ကုသသည့် လူနာ ၂၀ဝ အနက် လေးဦး သေဆုံးခဲ့ကြောင်း ရန်ကုန်ဆေးရုံကြီးထံမှ သိရသည်။

လာရောက်ကုသသည့် လူနာများသည် ယာဉ်မတော်တဆမှုနှင့် ခိုက်ရန်ဖြစ်ပွားမှု အများဆုံး ပါဝင်ပြီး အဆိုပါစာရင်းမှာ ရန်ကုန်ဆေးရုံကြီး တစ်ခုတည်းသို့ တက်ရောက်ခဲ့သော လူနာစာရင်းဖြစ်သည်။

သေဆုံးသူ အမျိုးသား လေးဦးတွင် ယာဉ်မတော်တဆမှုကြောင့် ၁ ဦး၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ၁ ဦးနှင့် သေမှုသေခင်း ဖြစ်စဉ်ကြောင့် ၂ ဦး ပါဝင်သည်။

နှစ်သစ်ကူးည၌ သေဆုံးခဲ့သော အမျိုးသား လေးဦးသည် ဆေးဝါးကုသမှု ခံယူရခြင်းမရှိဘဲ လမ်းပေါ်တွင် အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်ပြီး ယာဉ်မတော်တဆမှုဖြင့် လာရောက်ကုသသူ ၆၉ ဦး၊ ခိုက်ရန် ဖြစ်ပွားမှုဖြင့် လာရောက်ကုသသူ ၃၉ ဦး၊ လုပ်ငန်းခွင် ထိခိုက်မှု အပါအဝင် အခြား မတော်တဆမှုများကြောင့် လာရောက် ကုသသူ ၉၂ ဦးရှိကြောင်း ရန်ကုန်ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာခင်သိင်္ဂီမြင့်က ပြောကြားသည်။

“နှစ်သစ်ကူးညမှာ အရေးပေါ် ရောက်လာတဲ့ လူနာစာရင်းက လေးရာကျော်တယ်။ လူနာလေးဦးကတော့ ဆေးရုံရောက်ပေမယ့် လမ်းမှာပဲ သေဆုံးခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။

ထို့အပြင် ၂၀၁၇ နှစ်သစ်ကူး ညက ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ် ကုသဌာနသို့ ထိခိုက်ဒဏ်ရာဖြင့် တက်ရောက်သည့် လူနာ ၇၃ ဦးတွင် လေးဦး သေဆုံးခဲ့ပြီး ယခုနှစ်သစ်ကူးညတွင် ထိခိုက်ဒဏ်ရာ ရရှိမှုကြောင့် ဆေးရုံတက်သည့်လူနာမှာ ယခင်နှစ်ထက် ၁၀ဝ ကျော် ပိုမိုမြင့်တက်ခဲ့ကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီးထံမှ စုံစမ်းသိရသည်။

“နှစ်သစ်ကူး ညတွေက လူငယ်တွေ အပျော်လွန်လေ့ရှိတော့ အရေးပေါ်ဌာနကို ဆေးဝါးကုသမှု လုံလောက်အောင် ဆရာဝန်၊ သူနာပြုတွေ ဂျူတီ ပိုချရတယ်။ အဓိကတော့ သောက်စားမူးယစ်လို့ အုပ်စုလိုက် ရန်ဖြစ်ကြတဲ့ပုံစံ အများဆုံး တွေ့ရတာပဲ”ဟု ရန်ကုန်ဆေးရုံ အရေးပေါ်ဌာနမှ တာဝန်ကျ ဆရာဝန်တစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။

အလားတူ ၂၀၁၆ နှစ်သစ်ကူး ညတွင်လည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ် ကုသဌာနထံ လာရောက်ကုသခဲ့သော လူနာပေါင်း ၁၀၆ ဦးအနက် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ တစ်ဦးသာ ရှိခဲ့သည်။ 

J-17

  • VIA