News

POST TYPE

NEWS

မိတ္ထီလာတွင် ယာယီဈေးသို့ပြောင်းရမည့် ပျံကျဈေးသည်အချို့ ကန့်ကွက်

မိတ္ထီလာ၊ ဇန်နဝါရီ ၁

မိတ္ထီလာမြို့မ ဈေးပတ်လမ်း တစ်လျှောက်ရှိ ပျံကျဈေးသည်အချို့ မြို့နယ် စည်ပင်သာယာရေးအဖွဲ့က စီစဉ်ပေးသည့် ယာယီဈေးသို့ မပြောင်းလိုသည့်အတွက် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညသန်းခေါင်ယံအချိန်ကစ၍ ကန့်ကွက်ခဲ့ကြ သည်။

မိတ္ထီလာမြို့မဈေးပတ်လမ်း တစ်လျှောက်ရှိ  ပျံကျဈေးသည် ၉၃၅ ဦးကို  သီရိမင်္ဂလာရပ် ပုလဲကန်နေရာရှိ ယာယီ ဈေးနေရာသို့ ဇန်နဝါရီလ ၁ ရက်နေ့  နံနက်ပိုင်းကစ၍ ပြောင်းရွှေ့ရန် မြို့နယ် စည်ပင်သာယာရေးအဖွဲ့က စီမံပေးခဲ့ရာ ယင်းနေရာသို့ မပြောင်းလိုသည့် ကုန်စိမ်းဈေးသည် ၃၀ ဝန်းကျင်က ဒီဇင်ဘာလ  ၃၁ ရက်နေ့ ည အစောပိုင်းမှ စတင်ကာ စီမံကိန်းရုံးရှေ့နှင့် ဈေးရုံးရှေ့တို့၌ သန်းခေါင်ယံအချိန်အထိ ကန့်ကွက်ခဲ့ကြသည်ဟု စည်ပင်သာယာရေးအဖွဲ့နှင့် လုံခြုံရေး ယူထားသော ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါကုန်စိမ်းဈေးသည်များသည် ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် လူငါးဆယ်ဝန်းကျင်ခန့်အထိဖြစ်လာခဲ့ပြီး ရပ်ကွက်ဒေသခံများနှင့်လည်း ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြောင်း ဈေးအရှေ့ပြင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထံမှလည်း သိရသည်။

“ကျွန်မတို့က မနက် ၄ နာရီလောက် ဈေးအရှေ့ဘက်ကိုလာပြီး ကုန်စိမ်းရောင်းတယ်။ ဈေးဖွင့်ချိန် ၈ နာရီလောက်ဆိုရင် ဆိုင်သိမ်းပေးရပါတယ်။ တကယ် ပြဿနာဖြစ်ရတာ ညအိပ် ဈေးသည်တွေကြောင့်ပါ။ ဒီနေ့ ဒီနေရာမှာ ဈေးမရောင်းရတော့ အခက်အခဲဖြစ်ပါတယ်။ ယာယီ ပေးတဲ့နေရာမှာ နေရာ ယူထားပေမယ့် အဆင်မပြေသေးပါဘူး”ဟု မိတ္ထီလာမြို့ အနောက်ဘက် ဂဠုန်ကုန်းကျေးရွာမှ နံနက်ခင်း ပျံကျဈေးသို့ လာရောက် ရောင်းချသော ဒေါ်ခင်စန်းဝင်းက ပြောကြားသည်။

မိတ္ထီလာမြို့မဈေးအရှေ့ ပတ်လမ်းတစ်လျှောက်ရှိ နံနက်ခင်းဈေး (ဒေသအခေါ် ၈ နာရီဈေး) နေရာသည် ယာယီနေရာတစ်ခုဖြစ်ပြီး အဆိုပါနေရာတွင် ဈေးရောင်းချသူများ အနေနှင့် စည်းကမ်းဖောက်ဖျက်မှုများကြောင်း၊ အဆိုပါဈေးသည်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ နေ့စဉ်ဖြစ်ပေါ်နေသဖြင့် မန္တလေး တိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ယာယီ နေရာသစ်သို့ ရွှေ့ပြောင်းပေးခြင်းဖြစ်ကြောင်း၊ ယာယီဈေးတွင် ရောင်းချသူများကိုသာ အစိုးရကချပေးမည့် ဈေးနေရာအတွက် စဉ်းစားပေးမည်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသန့်စင်က ပြောဆိုသည်။

“ရပ်ကွက်နေတွေလည်း ပျံကျဈေးသည်တွေရဲ့ဒဏ် ခံနေရတာကြာပြီ။ ဈေးပတ်လမ်းတစ်လျှောက် တစ်ညလုံး ပိတ်နေတော့ သာရေးနာရေး ကိစ္စရှိရင် ထွက်လို့ ဝင်လို့မရဘူး။ မနက်နှစ်နာရီလောက်ဆိုရင် ဆဲသံဆိုသံတွေ ရန်ဖြစ်သံတွေနဲ့ ဆူညံနေတယ်။ သူတို့စွန့်ခဲ့တဲ့ အညစ်အကြေးတွေ ဆေးရတာလည်း နေ့တိုင်းပါ”ဟု မြို့မဈေး အရှေ့ဘက် ပတ်လမ်းတွင်  နေထိုင်သော အသက် ၄၀ ကျော်အရွယ်  အမျိုးသားတစ်ဦးက ပြောကြားသည်။

R-01