News

POST TYPE

NEWS

လွှတ်တော်ကို ဒရုန်းနှင့်ရိုက်ကူးရန် ကြိုးပမ်းခဲ့သော သတင်းထောက်တို့၏ ပစ္စည်းများ ပြန်ရရှိရန် အယူခံတက်မည်
29-Dec-2017

နေပြည်တော်၊ ဒီဇင်ဘာ ၂၈

နေပြည်တော်လွှတ်တော်ကို ဒရုန်းနဲ့ရိုက်ကူးရန် ကြိုးပမ်းမှုကြောင့် ထောင်ဒဏ် နှစ်လကျခံခဲ့ရသော သတင်းထောက် ၃ ဦး၏ ပစ္စည်းများကို ပြန်လည်ရရှိရေးအတွက်  တစ်လအတွင်း အယူခံတင်သွားမည်ဖြစ်ကြောင်း ၎င်းတို့အမှုကို ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က မီဒီယာများကို ပြောကြားသည်။

သတင်းထောက်သုံးဦးနှင့် ယာဉ်မောင်းတို့ကို လေယာဉ်အက်ဥပဒေဖြင့် ထောင်နှစ်လချမှတ်ထားပြီးနောက် ကျန်အမှုများကို ပြန်လည်ရုပ်သိမ်းကြောင်း ဇမ္ဗူသီရိမြို့နယ်တရားရုံးက ယနေ့ (ဒီဇင်ဘာ ၂၈ရက်) အပြီးသတ် အမိန့်ချမှတ်လိုက်ခြင်းဖြစ်ပြီး ၎င်းတို့၏ ပစ္စည်းများကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းလိုက်ခြင်းကြောင့် ပြန်လည်ရရှိရန် အထက်ပါအတိုင်းပြုလုပ် သွားမည်ဖြစ်သည်။

“နိုင်ငံပိုင်သိမ်းစေဆိုပြီး အမိန့်ချလိုက်တယ်။ အဲဒီဟာနဲ့ ပတ်သက်လို့တော့ ဥပဒေနဲ့ နည်းနည်းလွဲချော်နေတယ်လို့ ယူဆတယ်။ လူတစ်ယောက်ကို အပြီးအပြတ်လွှတ်တာ ဒါမှမဟုတ်ရင်လည်း အမှုကို ပိတ်သိမ်းလိုက်တယ်ဆိုရင် ဒီလူအပေါ်မှာ စွပ်စွဲထားတဲ့အမှုမရှိတော့ဘူး။ အဲဒါဆို အဲဒီစွပ်စွဲတဲ့အမှုနဲ့ပတ်သက်လို့ သိမ်းထားတဲ့ပစ္စည်းတွေ အကုန်လုံးကို အပ်ပေးတဲ့လူဆီကို အကုန်ပြန်ပေးရတယ်။ ဒါဥပဒေပဲ” ဟု ဦးခင်မောင်ဇော်က ပြောသည်။

၎င်းတို့လေးဦးသည် ထောင်ပိုင်၏ လျှော့ရက်ဖြင့် ဇန်နဝါရီ ၅ ရက်တွင် ပြန်လည်လွတ်မြောက်လာမည်ဖြစ်ပြီး နိုင်ငံခြားသားနှင့် နိုင်ငံခြားသူတို့ကို ရမည်းသင်းအကျဉ်းထောင်မှ လွတ်မြောက်သည့်နေ့၌ပင် ရန်ကုန်လေဆိပ်မှတစ်ဆင့် ၎င်းတို့နိုင်ငံသို့ ပြန်လည်ထွက်ခွာရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

တူရကီနိုင်ငံ အခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနမှ မလေးရှားနိုင်ငံသူ MOK CHOY LIN၊ စင်ကာပူနိုင်ငံသား LAU HON MENG တို့နှင့်အတူ မြန်မာနိုင်ငံသား စကားပြန် ကိုအောင်နိုင်စိုးနှင့် ယာဉ်မောင်း ဦးလှတင်တို့ စုစုပေါင်း (၄) ဦးသည် အောက်တိုဘာလ ၂၇ ရက်က နေပြည်တော်ရှိ လွှတ်တော်အနီးတွင် ဒရုန်းလွတ်တင်ရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်တွင် ဇမ္ဗူသီရိမြို့နယ် တရားရုံးက လေယာဉ်အက်ဥပဒေဖြင့် ထောင်နှစ်လ ချမှတ်ခဲ့ခြင်းဖြစ်သည်။

S-01