News

POST TYPE

NEWS

မြန်မာ-တရုတ် ပူးတွဲကော်မတီ ကုန်သွယ်မှုဆိုင်ရာကိစ္စများ ဆွေးနွေး
28-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

မြန်မာ-တရုတ် နှစ်နိုင်ငံပူးတွဲကော်မတီ အစည်းအဝေး၌ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့က တရုတ်နိုင်ငံ၌ ကျင်းပသည့် ကုန်စည်ပြပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းအဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များက သွားရောက်၍ ဆွေးနွေးမှုများပြုလုပ်ခြင်း ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

“ကုန်စည်ပြပွဲကို သွားတက်ရင်း ကော်မတီက ဆွေးနွေးကြတာပေါ့။ နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်တာတွေ အကုန်ပါမှာပါ”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။

ထိုဆွေးနွေးပွဲ၌ နှစ်နိုင်ငံ သဘောတူလက်မှတ် ရေးထိုးထားသည့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဇုန်တစ်ခု တည်ဆောက်ရန်အတွက်လည်း ဆွေးနွေးမည်ဖြစ်ပြီး လတ်တလော ယင်းဇုန် တည်ဆောက်ရန် မြေနေရာရှာဖွေနေကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံသည် ဆန်အပါအဝင် မြန်မာ့လယ်ယာထွက်ကုန်များ အဓိကတင်ပို့ရာ ဈေးကွက်ကြီးတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံဘက်က တရားဝင်ကုန်သွယ်မှုအဖြစ် လုပ်ဆောင်နေသော်လည်း တရုတ်နိုင်ငံဘက်ကမူ တရားဝင်ကုန်သွယ်မှုအဖြစ် သတ်မှတ်ထားခြင်းမရှိဘဲ မကြာခဏ အဖမ်းအဆီးများ ပြုလုပ်လေ့ရှိသည့်အတွက် မြန်မာကုန်သည်များ နစ်နာမှုများစွာ ဖြစ်ပေါ်နေရသည်။       

S-04

  • VIA