News

POST TYPE

NEWS

နေပြည်တော် စည်ပင်သာယာဌာနမှူး နှစ်ဦးအမှု တိုင်ကြားသူကို ဆက်လက်စစ်ဆေး
မန္တလေး၊ ဒီဇင်ဘာ ၂၆

နေပြည်တော် ကောင်စီနယ်မြေ စည်ပင်သာယာရေးကော်မတီ ဌာနမှူးနှစ်ဦး အဂတိလိုက်စားမှုကို ဒီဇင်ဘာလ ၂၆ ရက်နေ့က ရုံးထုတ်ရာ ကော်မရှင်သို့တိုင်ကြားသူကို တတိယအကြိမ် ဆက်လက်စစ်ဆေးခဲ့ကြောင်း ယင်း တရားခွင်အရ သိရသည်။

နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ ဌာနမှူး (ဒုတိယ ညွှန်ကြားရေးမှူးချုပ်) ဦးမင်းလွင်စိုးနှင့် တိရစ္ဆာန်ကုသရေးနှင့် သားသတ်ရုံများဌာန ဌာနမှူး (ဒုတိယ ညွှန်ကြားရေးမှူးချုပ်) ဒေါက်တာခိုင်စိုးလှတို့သည် သားသတ်လိုင်စင် ရရှိသူများဖြစ်သည့် ဦးမျိုးခက်နှင့်ဦးဘိုဘိုဟန်တို့ထံမှ ငွေများယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံမှ သိရသည်။

ဦးမင်းလွင်စိုးသည်  ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့တွင် ဦးမျိုးခက်ထံမှ ကျပ်ဆယ်သိန်း၊ ၂၀၁၇ ခုနှစ် မတ်လတွင် ဦးဘိုဘိုဟန်ထံမှ ငွေကျပ် သိန်း ၂၀၊ ဒေါက်တာခိုင်စိုးလှသည် ၂၀၁၇ ဩဂုတ် လ ၁၁ ရက်နေ့တွင် ဦးမျိုးခက်ထံမှ ကျပ်ငါးသိန်း၊ ၂၀၁၇ ဩဂုတ်လ ၁၉ ရက်နေ့တွင် ကျပ်ဆယ်သိန်း၊ ၂၀၁၇ ခုနှစ် မေလဆန်းတွင် ဦးဘိုဘိုဟန်ထံမှ ကျပ်သိန်းလေးဆယ်တို့ကို ရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ နိုင်ငံ့ဝန်ထမ်း လုပ်ပိုင်ခွင့်ရှိသူများအနေနှင့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုကာ ငွေကြေးရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ ဇမ္ဗူသီရိမြို့နယ် မြို့မရဲစခန်းနှင့် ဥတ္တရသီရိမြို့နယ် ဘုရားကုန်း နယ်မြေရဲစခန်းတို့တွင် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း တိုင်ကြားစာများအရ သိရသည်။

ယင်းအမှုများကို မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် အမှုကို စစ်ဆေးနေခြင်းဖြစ်ပြီး တရားလို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးအဖွဲ့မှူးကို ပထမရုံးချိန်းသုံးခုတွင် စစ်ဆေးခဲ့ပြီးနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားထားသည့် သားသတ်လိုင်စင် လျှောက်ထားသူနှစ်ဦးအနက်မှ ဦးမျိုးခက်ကို ဆက်လက်စစ်ဆေးနေရာ တတိယအကြိမ်သို့ ရောက်ရှိနေခြင်းဖြစ်သည်။

“ကျွန်တော့်ကိုတော့ ဘာတွေ၊ ဘယ်လိုပေးခဲ့ရတာလဲ၊ ဘယ်လောက် ပေးခဲ့ရတာလဲဆိုတာတွေ မေးပါတယ်။ ကျွန်တော်ကလည်း အဲ့ဒါတွေ အမှန်အတိုင်းပဲ ပြန်ပြောပြခဲ့ပါတယ်။ ကျွန်တော်တို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ရတာကလည်း သူတို့က အနိုင်ကျင့်လွန်းလာလို့ပါ။ ကျွန်တော်တို့မှာ ဘယ်ဥပဒေမှာမှမပါတဲ့ စည်းကမ်းတွေနှင့် မတရားဆိုင်တွေ ပိတ်ခိုင်းတယ်။ ပြီးတော့ ပြန်ဖွင့်လို့ရအောင် လုပ်ပေးမယ်ပြောပြီး ပိုက်ဆံတွေတောင်းပြီး လုပ်မပေးလို့ တိုင်ခဲ့တာဖြစ်ပါတယ်”ဟု တရားခွင်တွင် စစ်ဆေးခံနေရသည့် ဦးမျိုးခက်က ပြောကြားသည်။

ဆဋ္ဌမအကြိမ်ရုံးချိန်းတွင် ဒေါက်တာခိုင်စိုးလှကို စွဲဆိုထားသည့်အမှုကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့ (ယနေ့) တွင် ဦးမင်းလွင်စိုး၏ အမှုအတွက် ဦးမျိုးခက်ကိုပင် ဆက်လက် စစ်ဆေးမည်ဖြစ်သည်။

M-04