News

POST TYPE

NEWS

အသည်းပုံလက်စွပ်ကလေးက ဖော်ထုတ်လိုက်သည့် ကျိုင်းတုံမြို့မှ လူသတ်မီးရှို့ အလောင်းဖျောက်ဖျက်မှု

တိုင်းရင်းသားမျိုးနွယ်စုပေါင်းများစွာ နေထိုင်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ခိုက်ခိုက်တုန်အောင် ချမ်းအေးလှသည့် ဒီဇင်ဘာလ ၂၁ ရက်ည ၇ နာရီခန့်က ဒေသခံများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည့် အမည်မသိ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်လေးတစ်ဦး မီးရှို့အသတ်ခံရမှု ကျိုင်းတုံ-လွိုင်မွေ ကားလမ်းမကြီးဘေး မိုင်တိုင် အမှတ် (၈/၄) တွင် ဖြစ်ပေါ်ခဲ့သည်။

မိန်းကလေးမှာ လမ်းမကြီးဘေးရှိ သုံးပေခန့်အနက်ရှိသည့် ချောက်ထဲတွင် မီးရှို့အသတ်ခံရ၍ အသားအရေများမှာ ၉၉ ရာခိုင်နှုန်းကျော် မီးလောင်ကျွမ်းခြင်းခံရသည့်အပြင် ကျန်ရှိနေသည့် အသားအရေများမှာလည်း တောခွေးများ စားထားခြင်းကြောင့် မည်သူမည်ဝါမှန်း မသိသည့် အရိုးစုအဖြစ်သာ ကျန်ရှိခဲ့သည်။

သို့ရာတွင် အဆိုပါ အရိုးစု၏ လက်တွင် မီးမလောင်ကျွမ်းသည့် အသည်းပုံသတ္တု လက်စွပ်ကလေးတစ်ကွင်းသာ တွေ့ရှိရသည်။

ရဲတပ်ဖွဲ့ဝင်များအနေနှင့် အမည်မသိ အမျိုးသမီးငယ် အသတ်ခံရမှုနှင့် ပတ်သက်၍ သေဆုံးသူ မည်သူမည်ဝါမှန်းသိရှိရန် အနီးပတ်ဝန်းကျင် ကျေးရွာများ အပါအဝင် မြို့ပေါ်ရပ်ကွက်များနှင့် ဒေသအတွင်း၌ စုံစမ်းနေခဲ့သော်လည်း မသိရှိသည့်အပြင် လူပျောက်တိုင်ကြားမှုများပါ မရှိ၍ အခက်တွေ့နေခဲ့သည်။

“ပြစ်မှုတစ်ခု ဖြစ်ပေါ်လာပြီဆိုရင် ကျူးလွန်ခံရတဲ့သူရဲ့ အမည်နဲ့ နေရပ်လိပ်စာကို သိရှိမှသာ ဆက်စပ်ပြီးတော့ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်နိုင်တာပါ။ အခုက အရိုးစုသာ ကျန်တော့တဲ့အပြင် ဘယ်သူဘယ်ဝါမှန်းကို စုံစမ်းလို့မရတော့ အခက်အခဲ တွေ့ခဲ့ရတယ်”ဟု ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ဆွေက ပြောကြားသည်။

ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်၏ အရိုးစုကိုတွေ့ရှိပြီး လေးရက်အကြာ (ဒီဇင်ဘာ ၂၅ ရက်) တွင် ကျိုင်းတုံမြို့မရဲစခန်းသို့ ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတစ်ဦး ရောက်ရှိလာကာ ယင်းအသတ်ခံရသူ မိန်းကလေးငယ်သည် သူ၏ချစ်သူမိန်းကလေး ဖြစ်နိုင်ကြောင်း၊ အဆက်အသွယ် မရရှိသည်မှာလည်း ငါးရက်ခန့်ရှိပြီဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။

ရေနစ်သူတစ်ဦးအနေနှင့် ရေနစ်ချိန်တွင် ကောက်ရိုးတစ်မျှင်သည်လည်း မိမိအသက်ကို ကယ်တင်နိုင်သည်ဟု မှတ်ယူကာ ဆွဲယူသကဲ့သို့ ရဲတပ်ဖွဲ့ဝင်များ အနေနှင့်လည်း ယင်းလူငယ်ပေးလာသည့် သတင်းစကားကို အခြေခံကာ အသတ်ခံရသည့် ဒသမတန်းကျောင်းသူ အသက် ၁၈ နှစ်ခန့်အရွယ် မိန်းကလေးငယ်၏ မိဘဆွေမျိုးများနေထိုင်ရာ ကျေးရွာအထိ သွားရောက်စုံစမ်းကာ ပြစ်မှုကျူးလွန်သူ အသက် ၃၀ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၄၀ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးတို့ကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့သည်။

“သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက်တွေမှာ အသတ်ခံရတဲ့ မိန်းကလေးမှာ အသည်းပုံလက်စွပ်လေးပါတဲ့ ပုံတွေ့ပြီး သူ့ချစ်သူကောင်မလေး ဖြစ်နိုင်တယ်လို့ တာဝန်သိစွာနဲ့ အသိပေး အကြောင်းကြားခဲ့တယ်။ ဒါ့ကြောင့် အသတ်ခံရတဲ့ မိန်းကလေးရဲ့ မိဘ ဆွေမျိုးတွေကို စုံစမ်းပြီး ပြစ်မှုကျူးလွန်ခဲ့တဲ့ တရားခံနဲ့ ကွင်းဆက်တရားခံကို အခုလိုနာရီပိုင်းအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်” ဟု ဒုရဲမှူးကြီးမြင့်ဆွေက ရှင်းပြသည်။

ပြည်နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ ကျိုင်းတုံမြို့ အမှတ် (၄) ရပ်ကွက်ရှိ ပညာရေးဝန်ထမ်း ဆရာမတစ်ဦး ငှားရမ်းနေထိုင်သည့်အိမ်တွင် ဒီဇင်ဘာလ ၂၀ ရက် ညပိုင်းက ယင်းမိန်းကလေး အသတ်ခံရကာ မြို့နှင့် ၈ မိုင်ခန့် ကွာဝေးသည့်နေရာသို့ အလောင်းကို ဆိုင်ကယ်ဖြင့် တင်ဆောင်ကာ ပြစ်မှုကျူးလွန်သူ အမျိုးသားနှစ်ဦးက ဓာတ်ဆီလောင်း၍ မီးရှို့ဖျောက်ဖျက်ခဲ့ခြင်းဖြစ်သည်။

“အသည်းပုံလက်စွပ်လေးက ကျွန်တော်တို့ ချစ်သူနှစ်ဦး ဆင်တူဝတ်ထားတာပါ။ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ သူက ကျွန်တော့်ဆိုင်ကယ်ယူစီးသွားပြီး ည ၇ နာရီမှာတွေ့ဖို့ ချိန်းထားသေးတယ်။ ညနေပိုင်းအထိ သူနဲ့ဖုန်းဆက် စကားပြောနေသေးသလို ဖုန်းပြောချိန်မှာ ငါးကင်သွားပို့လိုက်ဦးမယ်ပြောပြီး အဲဒီနောက်ပိုင်း ဖုန်းဆက်လို့ကို မရတော့တာ”ဟု အသတ်ခံရသူ ကျောင်းသူလေး၏ ချစ်သူ အသက် ၁၉ နှစ်အရွယ် တက္ကသိုလ်ကျောင်းသား ကိုကို (အမည်လွှဲ) က ဝမ်းနည်းကြေကွဲစွာ ပြောသည်။

အသတ်ခံရသူ အသက် ၁၈ နှစ်ခန့်အရွယ် မိန်းကလေးငယ်သည် ချောမောလှပပြီး အပေါင်းအသင်း ဝင်ဆံ့သူဖြစ်သည်။ ၎င်းသည် ကျိုင်းတုံမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် နေထိုင်သည့် စစ်မှုထမ်းဟောင်း ဖခင်တစ်ဦး၏ တတိယမြောက် သမီးငယ်ဖြစ်သည်။ မိန်းကလေးသည် အမှတ် (၄) ရပ်ကွက်ရှိ အဒေါ်၏ နေအိမ်တွင် တစ်ဦးတည်းနေထိုင်ပြီး အလုပ်အကိုင်လုပ်၍ ပြင်ပဘော်ဒါဆောင်တစ်ခုတွင် ပညာသင်ကြားနေသူ ဖြစ်သည်။

“သတင်းကြားကြားချင်း ကျွန်တော့်သမီးလေး ဒီလိုဖြစ်လိမ့်မယ်လို့ မယုံမိဘူးဗျာ။ ကျွန်တော့်မှာ မတတ်နိုင်တဲ့ကြားကနေ သမီးကို ကျောင်းထားပေးခဲ့ရသလို ပြီးခဲ့တဲ့လကမှ ၂၀၁၇ ထုတ် ဆိုင်ကယ်အသစ်လေးကို စစ်မှုထမ်းဟောင်းမှာ ငွေချေးပြီးဝယ် ပေးခဲ့ရတယ်။ ပြစ်မှုကျူးလွန်တဲ့ ကောင်လေးနဲ့ ကျွန်တော်မရင်းနှီးပေမယ့် ဆရာမအိမ်မှာတော့ တွေ့ဖူးတယ်။ ဆရာမနဲ့သမီးက ခင်မင်ရင်းနှီးနေတာ ကြာပြီ။ အခုက အသစ်ဝယ်ပေးထားတဲ့ သမီးရဲ့ဆိုင်ကယ်ပါ ပျောက်နေတယ်” ဟု အသတ်ခံရသည့် ကျောင်းသူလေး၏ဖခင် ဦးမောင်ညိုက ငိုကြွေး၍ ပြောကြားသည်။

ပြစ်မှုအဓိက ကျူးလွန်သူဟု သံသယရှိသူ အသက် ၄၀ နှစ်ခန့်အရွယ် စိုးလွင်နှင့် ကူညီပေးသူ အသက် ၃၀ နှစ်ခန့်အရွယ် စိုင်းရှဲန် (ခ) အိုက်ပီးကြီးတို့ နှစ်ဦးသည် အခင်းဖြစ်ညနေပိုင်းက ဆရာမငှားရမ်းနေထိုင်သော နေအိမ်တွင် ဘီယာများသောက်စားကာ သေဆုံးသူမိန်းကလေးကို ငါးကင်လာပို့ရန် ဖုန်းဆက်ပြောကြားပြီး ရောက်ရှိချိန်တွင် ဦးခေါင်းကိုနံရံဖြင့်ဆောင့်ပြီး လည်ပင်းကိုနင်းကာ သတ်ခဲ့ကြောင်း ကျူးလွန်သည်ဟု သံသယရှိသူက ထွက်ဆိုကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းမှ ခေတ္တစခန်းမှူး ဒုရဲမှူးအောင်မြင့်ထွန်းက ရှင်းပြသည်။

ယင်းကျောင်းသူကိုသတ်သည်ဟု ယူဆရသူမှာ လွန်ခဲ့သော ၁၀ နှစ်ခန့်က အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး၏ နေအိမ်ကို ကျော်နင်းကာ အဓမ္မပြုကျင့်သည်ဟုဆိုကာ ရပ်ရွာမှ ဝိုင်းဝန်းဖမ်းဆီးခဲ့၍ ထောင်ကျခဲ့ဖူးကြောင်း ယင်းနောက် အသတ်ခံရသော မိန်းကလေးနေထိုင်ရာ ဘော်ဒါဆောင်မှ ဆရာမနှင့်လည်း ရင်းနှီးမှုရှိကြောင်း ၎င်းထံမှ သိရသည်။ 

“ဆရာမက မိုင်းယောင်းမှာ တာဝန်ကျလို့ တရားခံကို အိမ်စောင့်ထားခဲ့တယ်လို့ သိရသလို ဆရာမနဲ့တရားခံက ဘယ်လိုပတ်သက်လဲဆိုတာ မသိရသေးဘူး။ ဆရာမကို စစ်ဆေးပြီးမှ အကြောင်းစုံ သိရမှာဖြစ်သလို ကောင်မလေးက အဓမ္မပြုကျင့်ခံရပြီးမှ အသတ်ခံရတာလားဆိုတာတော့ တရားခံက မထွက်ဆိုသေးဘူး။ လက်ရှိတော့ လူမှုရေးကိစ္စကြောင့် သတ်တယ်လို့သာ ပြောကြားထားလို့ သာစည်မြို့မှာ ဖမ်းမိထားတဲ့ ကျန်တရားခံတစ်ဦးကို စစ်ဆေးပြီးရင်တော့ အကြောင်းစုံသိနိုင်မှာပါ” ဟု ဒုရဲမှူးကြီးမြင့်ဆွေက ပြောကြားသည်။

“အခုလို ကြိုတင်ကြံစည်ထားတဲ့ လူသတ်အလောင်းဖျောက်ဖျက်မှုမျိုး ဒီမြို့မှာ တစ်ခါမှမဖြစ်ပွားဖူးလို့ ဒါပထမဆုံးဖြစ်ပွားတာပါ။ ဒီအမှုကြီးကျူးလွန်တဲ့သူတွေကို အခုလို ချက်ချင်းပေါ်ပေါက်တာဟာ အသည်းပုံလက်စွပ်လေးကြောင့်နဲ့ ဒီသတင်းကို အများသိအောင် ရေးသားဖော်ပြပေးတဲ့ မီဒီယာတွေနဲ့ သတ္တိရှိစွာ လာရောက် အကြောင်းကြားပေးတဲ့ သူ့ချစ်သူကောင်လေးကြောင့်ပါ”ဟု ၎င်းက ဝန်ခံပြောကြားသည်။

ရန်နိုင်(သီလဝ)