News

POST TYPE

NEWS

သီရိမင်္ဂလာဈေးဝင်းရှိ ဂိုဒေါင်ပျက်ထဲ ခိုအောင်းနေသည့် မသင်္ကာသူ ၁၀ ဦးကို ဖမ်းဆီး
18-Dec-2017 tagged as

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးသစ်ဝင်းရှိ ဂိုဒေါင်ပျက်တစ်လုံးတွင် ခိုအောင်းနေသည့် မသင်္ကာသူ ၁၀ ဦးအဖွဲ့ကို ဒီဇင်ဘာလ ၁၇ ရက် ညပိုင်းက ဝင်ရောက်စစ်ဆေးခဲ့ရာ ဓားရှည်တစ်လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း ပိတောက်ချောင်းနယ်မြေ ရဲစခန်းထံမှ သိရသည်။

“ဂိုဒေါင်ပျက်ထဲမှာ မျက်နှာစိမ်းအဖွဲ့တွေရောက်နေတယ် သတင်းပေးလို့ သွားရောက် စစ်ဆေးခဲ့တာပါ။ ဒီအဖွဲ့က အိပ်စရာနေရာမရှိလို့ ဂိုဒေါင်ပျက်ထဲ လာနေကြတာ။ ဓားရှည်ကိုင်ထားသူ တစ်ယောက်ကိုတော့ လက်နက်မှုနဲ့ အမှုဖွင့်ထားပါတယ်။ အသက်ပြည့်တဲ့ သုံးယောက်ကိုတော့ ရဲအက်နဲ့ အရေးယူထားတယ်”ဟု ရဲအရာရှိကပြောသည်။

အဆိုပါအဖွဲ့မှာ ပြီးခဲ့သည့် သုံးရက်ခန့်ကတည်းက သီရိမင်္ဂလာဈေးသစ်သို့ ရောက်ရှိလာပြီး ဈေးအတွင်း လှည့်ပတ်သွားလာကာ ဂိုဒေါင်ပျက်ထဲ ဝင်သွားသည်ကို ဈေးသူဈေးသားများက သတိထားမိခဲ့ပြီးနောက် မသင်္ကာသဖြင့် ရဲတပ်ဖွဲ့ထံ သတင်းပေးခဲ့ခြင်းဖြစ်ကြောင်း ဈေးသည်အမျိုးသားတစ်ဦးက ပြောသည်။

”ပြစ်မှုကျူးလွန်ဖို့ပဲ ရောက်လာကြတာလား။ ဒါမှမဟုတ် ပြစ်မှုကျူးလွန်ခဲ့ပြီးတော့များ ဒီမှာ လာတိမ်းရှောင်နေတာလားလို့ ဈေးသည်တွေက တွေးမိကြတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့ကို သတင်းပေးလိုက်တာပါ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဂိုဒေါင်ပျက်ထဲမှ ဓားကိုင်ဆောင်သည့် အမျိုးသားတစ်ဦးနှင့် အသက်ပြည့်သည့် အမျိုးသားသုံးဦးကို ပိတောက်ချောင်းနယ်မြေ ရဲစခန်းတွင် လက်နက် ဥပဒေ၊ ရဲအက်ဥပဒေတို့ဖြင့် အမှုဖွင့် အရေး ယူထားပြီး အသက်မပြည့်သေးသည့် အမျိုးသမီး တစ်ဦး အပါအဝင် ခြောက်ဦးကို ယင်းညတွင်းချင်း ၎င်းတို့၏ အုပ်ထိန်းသူများထံ ပြန်လည် အပ်နှံပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

S-03

  • VIA
  • TAGS