News

POST TYPE

NEWS

မောင်တော အင်းဒင်ကျေးရွာ၌ ရုပ်အလောင်းများ ထပ်မံတွေ့ရှိ
ရန်ကုန် ၊ ဒီဇင်ဘာ - ၁၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုဿန်၌ လူများအား သတ်ဖြတ်မြှုပ်နှံထားကြောင်း သတင်းပေးပို့ တိုင်ကြားမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စုံစမ်းစစ်ဆေးခဲ့ရာ အမည်မသိ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် သတင်းထုတ်ပြန်သည်။

ရုပ်အလောင်းများ တွေ့ရှိသည်ဟု သတင်းထုတ်ပြန်သော်လည်း အရေအတွက်ကို ဖော်ပြခြင်းမရှိပေ။

၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်မှစ၍ ဘူးသီးတောင်၊ မောင်တောဒေသ၌ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရသဖြင့် နယ်မြေဒေသ ပြန်လည် တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းဆောင်ရွက်ခဲ့ရာတွင် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများ (Rules of Engagement)နှင့်အညီ ဆောင်ရွက်သွားရန်နှင့် ချိုးဖောက်မှုရှိပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အောက်ခြေအဆင့်ထိ အသိပေးညွှန်ကြားခဲ့ပြီးဖြစ်ရာ အထက်ပါဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တစ်စုံတစ်ရာ ပါဝင်ပတ်သက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ရုပ်အလောင်းများ တွေ့ရှိသည်ဟု သတင်း ထုတ်ပြန်ခဲ့သော အင်းဒင်ကျေးရွာမှ ကျောင်းအုပ်ဆရာနှင့် မူလပြတန်းဆရာ နှစ်ဦး၊ အရပ်သား တစ်ဦးတို့ ဖမ်းဆီးခံထားရသော သတင်းထောက် နှစ်ဦးနှင့် ဆက်နွယ်သည်ဟုဆိုကာ စက်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့က ဒီဇင်ဘာ ၁၆ ရက်တွင် ခေါ်ယူစစ်ဆေးခဲ့သည်။