News

POST TYPE

NEWS

တပ်သိမ်းမြေ ဧကနှစ်သိန်းခွဲကျော် စွန့်လွှတ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်
18-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းများရှိ တပ်မတော်က အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းခဲ့သော လယ်ယာမြေများအနက် မြေဧက နှစ်သိန်းခွဲကျော်ကို ၂၀၁၇ ဒီဇင်ဘာလအထိ ပြန်လည်အပ်နှံခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အစိုးရက ချမှတ်ထားသည့် မြေသိမ်းဆည်းမှု ပြဿနာများကို ဦးစားပေး ဖြေရှင်းဆောင်ရွက်ရန် မူဝါဒနှင့်အညီ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြန်လည်စွန့်လွှတ်အပ်နှံမည့် မြေများကို ၂၀၁၇ ခုနှစ် အပြီးအပ်နှံနိုင်ရေး ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်အထိ မြေဧရိယာစုစုပေါင်း၂၅၈၀၁၃ ဒသမ ၅၅၉ ဧကကို နိုင်ငံတော်ကို အပ်နှံနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်က ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သည့် စုံစမ်းရေးကော်မရှင် အစီရင်ခံစာပါ တိုင်ကြားမြေများကို စိစစ်၍ ပြန်လည်စွန့်လွှတ်သင့်သည့် မြေများကို ပြန်လည် စွန့်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဩဂုတ်လပိုင်းကလည်း ကာကွယ်ရေးဝန်ကြီးဌာနက စုစုပေါင်း မြေဧရိယာ နှစ်သိန်းကျော် စွန့်လွှတ်ပေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြခဲ့သည်။

ကာကွယ်ရေး ဝန်ကြီးဌာနက နိုင်ငံတော်သို့ ပြန်လည်အပ်နှံပြီးစီးခဲ့သည့် မြေယာများတွင် ရှမ်းပြည်နယ်က ဧက ခြောက်သောင်းကျော်ဖြင့် အများဆုံးပါဝင်ခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ဧက ငါးသောင်းကျော်၊ ကချင်ပြည်နယ်တွင် ဧက သုံးသောင်းကျော်၊ ပဲခူးတိုင်းတွင် နှစ်သောင်းကျော်၊ မန္တလေးတိုင်းဒေသကြီးတွင် တစ်သောင်းကျော်၊ မကွေးတိုင်းတွင် ကိုးထောင်ကျော်၊ ရန်ကုန်တိုင်းတွင် ခုနစ်ထောင်ကျော် အစရှိသည်ဖြင့် အသီးသီး ပြန်လည်အပ်နှံခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက  ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကာကွယ်ရေး ဝန်ကြီးဌာနအနေနှင့် မူလလျာထားချက်ထက် ပိုမို၍စွန့်လွှတ်မည့် မြေများကို နိုင်ငံတော်သို့ ပြန်လည်အပ်နှံပြီး ဖြစ်သော်လည်း ဌာနဆိုင်ရာများ အပါအဝင် ပြည်သူများက တောင်းခံလာသော မြေများနှင့်စပ်လျဉ်း၍ ကိစ္စတစ်ရပ်ချင်းအလိုက် စိစစ်ပြီး လိုအပ်သလို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ ပြန်လည်အပ်နှံမြေများသည် မူလသိမ်းဆည်းခံရသည့် တောင်သူထံ ပြန်လည်ရောက်ရှိခြင်း ရှိ၊ မရှိကို မေးခွန်းထုတ်ဖွယ်ရှိကြောင်း မြေယာအရေး လှုပ်ရှားသူများက ထောက်ပြ ပြောဆိုမှုများလည်း ရှိခဲ့သည်။

“ကျွန်မတို့ ရှမ်းပြည်နယ်ထဲမှာဆို သိမ်းတယ်။ ပြီးတော့ အစိုးရကို ပြန်လွှဲတယ်။ အစိုးရကလည်း ကုမ္ပဏီတွေကို ပြန်ချပေးတယ်။ မူလ တောင်သူတွေဆီ ပြန်ရောက်တာ နည်းတယ်”ဟု ရှမ်းပြည်နယ် အခြေစိုက် လူမှုအဖွဲ့အစည်းမှ မနန်းချစ်ဖူးက ပြောဆိုသည်။

လက်ရှိ NLD အစိုးရတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း အပါအဝင် ပြည်ထောင်စုဝန်ကြီးများ ဗဟိုကော်မတီတွင် ပါဝင်နေသည်။

မြန်မာနိုင်ငံတွင် မတရားသိမ်းဆည်းခံရသည့် မြေယာဧက ငါးသန်းနီးပါးရှိပြီး သုံးပုံတစ်ပုံခန့် (ဧက တစ်သန်းကျော်) မှာ မည်သည့်သီးနှံမှ စိုက်ပျိုးထားခြင်း မရှိဘဲ ပလပ်ထားသည့် စိုက်ပျိုးမြေများ ဖြစ်နေကြောင်း ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီက ပြောကြားထားသည်။

J-08

  • VIA