News

POST TYPE

NEWS

ကားလိုင်စင် သက်တမ်းတိုးရန် အွန်လိုင်းမှ ကြိုတင်ရက်ချိန်းယူနိုင်
18-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းအတွင်းရှိ မော်တော်ယာဉ် မှတ်ပုံတင်သက်တမ်းတိုးခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ ၂၇ ရက်မှစ၍ အွန်လိုင်းစနစ်ဖြင့် (Online Booking System) သုံးလကြို၍ ကြိုတင်ရက်ချိန်း ရယူနိုင်ပြီဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (မြင်သာ) ထံမှ သိရသည်။

“ဒီလို ဘွတ်ခ်ကင်လုပ်ထားတော့ ရှေ့ကားတွေ ဘယ်တော့ပြီးမလဲ၊ ဒီနေ့ ငါ့ကားအလှည့် ရောက်ပါ့မလား တွေးပူနေစရာ မလိုဘူးပေါ့”ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (ယာဉ်စစ်ဆေးရေးဌာန) အင်ဂျင်နီယာမှူးကြီး ဦးမျိုးနိုင်က ဆိုသည်။

ကြိုတင်ရက်ချိန်းယူရာတွင် ယာဉ်၏ သက်တမ်းကုန်ဆုံးရက် မတိုင်မီ ငါးရက်မှ သုံးလအထိ ကြိုတင်ရက်ချိန်းယူနိုင်ပြီး ငါးနှစ်သက်တမ်းလွန်ယာဉ်များ ကြိုတင်ရက်ချိန်းယူခွင့် မရှိဘဲ မှတ်ပုံတင်ဖျက်သိမ်းမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ရက်ချိန်း ကြိုယူတဲ့သူအနေနဲ့ ရက်ချိန်းရပြီးရင် ပြီးပြီးရော လာစစ်ဆေး မခံတာမျိုး ခွင့်မပြုဘူး။ အကယ်၍ အကြောင်းကြောင်းကြောင့် အဲဒီရက်မလာနိုင်ရင် အွန်လိုင်းကနေပဲ Cancel ပြန်လုပ်ပြီး သေချာမယ့်ရက် ပြန်ယူရမယ်”ဟု ၎င်းက ဆိုသည်။

လိုင်စင်သက်တမ်းတိုးခြင်း မဟုတ်ဘဲ ယာဉ်ဆေးသုတ်ခြင်း၊ အင်ဂျင်ပြောင်းခြင်းနှင့် မော်တော်ဆိုင်ကယ်များ အနေနှင့် ရက်ချိန်း ယူစရာမလိုဘဲ ယခင်အတိုင်း လုပ်ငန်းဆောင်ရွက်နိုင်သည်။

အွန်လိုင်းစနစ်ဖြင့် ကြိုတင်ရက်ချိန်း ရယူလိုသူများအနေနှင့် ခရိုင်အလိုက် ဆောင်ရွက်ပေးမည်ဖြစ်ရာ ယာဉ်စီးရေပေါ် မူတည်၍ တစ်ရက်လျှင် ယာဉ် ၂၅၀၊ ၃၅၀၊ ၄၀ဝ၊ ၆၀ဝ စီးအထိ ရက်ချိန်းယူနိုင်ပြီး www.rtad.gov.mm ဝက်ဘ်ဆိုက်သို့ အလွယ်တကူ ဆောင်ရွက်နိုင်မည်ဖြစ်ကာ အဆိုပါယာဉ်များကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ လ ၂ ရက်တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

လက်ရှိတွင် သက်တမ်းတိုး မော်တော်ယာဉ်များကို ဒီဇင်ဘာလ ၁ ရက်က ဂျာမနီနိုင်ငံထုတ် (သက်တမ်းတိုးယာဉ် စစ်ဆေးသည့် စက်) Multi StageTest Lane စက်ဖြင့် စစ်ဆေးလျက်ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

J-06

  • VIA