News

POST TYPE

NEWS

သိန်းပေါင်းရှစ်သောင်းလိမ်လည်ထားသည်ဟုဆိုသော ကုမ္ပဏီကို ငွေကြေးဥပဒေဖြင့် ထပ်မံအမှုဖွင့်
17-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ 

ငွေကျပ်သိန်းပေါင်း ရှစ်သောင်း ကျော်လိမ်လည်သည်ဟုဆိုသော Jude Jude Family လုပ်ငန်းနှင့်သင့်မြတ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီပိုင်ရှင် ဒေါ်သက်သက်မြိုင် အပါအဝင် ဒါရိုက်တာ ၁၀ ဦးကို ငွေရေးကြေးရေး အဖွဲ့အစည်းများဆိုင်ရာ ဥပဒေဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့က စမ်းချောင်း မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

စမ်းချောင်းမြို့နယ်၊ ကျွန်းတောတောင်ရပ်ကွက်၊ ကျွန်းတောကျောင်းလမ်းတွင် နေထိုင်သူ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် လွန်ခဲ့သော ၅ လခန့်က လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဒေါ်သက်သက်မြိုင်(ခ) ဂျူးဂျူးမှ On Line Shop လုပ်ငန်းတွင် ရှယ်ယာထည့် ဝင်ရန်ဖိတ်ခေါ်သဖြင့် သွားရောက်တွေ့ဆုံပြီး CB ဘဏ်၊ ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ်တို့မှ ငွေလွှဲပြီး ပါဝင်ခဲ့ရာက အကျိုးအမြတ် မရရှိသဖြင့် ဆီဒိုးနားဟိုတယ်သို့ သွားရောက် တောင်းဆိုစဉ် ကုမ္ပဏီအဖွဲ့ဝင် ၁၀ ဦးက ပြန်ထုတ်မပေးနိုင်ကြောင်း မချေမငံ ပြောဆိုသဖြင့် အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“သူက တခြားသူတွေလို စာချုပ်စာတမ်းနဲ့ ထည့်ဝင်ထားတာ မဟုတ်ဘူး၊ ဘဏ်ကနေ လွှဲပေးထားတဲ့ အချက်အလက်တွေပဲရှိတာ၊ အဲဒါကြောင့် လိုင်စင် မရှိဘဲနဲ့ ငွေကြေးရယူတဲ့အတွက် ငွေကြေးဥပဒေနဲ့ အမှုဖွင့်တာ၊ အဖွဲ့အစည်းတစ်ခုအနေနဲ့ ငွေကြေးရယူတာ၊ လွှဲအပ်ခွင့်၊ ရယူခွင့်တို့ လုပ်မယ်ဆိုရင် ဗဟိုဘဏ်ကနေ တရားဝင် လိုင်စင်ယူရတယ်။ သူပါသွားတာက သိန်းပေါင်း ရှစ်ဆယ်ကျော်တယ်။ တခြားသူတွေကတော့ စာချုပ်စာတမ်းနဲ့ ပေးထားတဲ့အတွက် လိမ်လည်မှုနဲ့ ဖွင့်ကြတာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အမှုဖွင့်တိုင် တန်းချက်နှင့်ပတ်သက်၍ စမ်းချောင်းမြို့မရဲစခန်းက (ပ) ၅၄၇/ ၁၇၊ ငွေရေးကြေးရေး အဖွဲ့အစည်းများဆိုင်ရာ ဥပဒေပုဒ်မ ၁၇၁/ ၁၇၄ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း၊ ယင်းဥပဒေအရ ရဲအရေးပိုင်သော ပုဒ်မဖြစ်ပြီး ၂၀၁၆ ခုနှစ်က ပြဋ္ဌာန်းထားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဥပဒေအရ အရေးယူခံရပါက အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၅ နှစ်နှင့် ငွေဒဏ် ကျပ်သိန်းငါးထောင်အထိ ချမှတ်နိုင်ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

ယင်းအမှုဖွင့် တိုင်ကြားခံရသူ ဒေါ်သက်သက်မြိုင် (ခ) ဂျူးဂျူးမှာ ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်းတွင် ရုံးခန်းဖွင့်ကာ လုပ်ကိုင်နေရာက ရန်ကင်းမြို့နယ်ရှိ ဆီဒိုးနားဟိုတယ်သို့ ပြောင်းရွှေ့ရုံးခန်းဖွင့်ထားစဉ် နိုဝင်ဘာလ ၃၀ ရက်နေ့က အစုရှယ်ယာ ထည့်ဝင်သူ ၆၀ ဦးခန့် ရောက်ရှိလာပြီး ဖြေရှင်းပေးရန် တောင်းဆိုရာမှ လိမ်လည်ထားကြောင်း ပေါ်ပေါက်ခဲ့ကာ ယင်းကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ဦးရွှေမိုးစက်တစ်ဦးကို ရန်ကင်းမြို့မရဲစခန်းက ဖမ်းဆီး အရေးယူထားပြီး အခြားသူများမှာ ခြေချုပ်ခံဝန်ဖြင့် အရေးယူခဲ့သည်။

J-16

  • VIA