News

POST TYPE

NEWS

မိုင်းပေါက်ကွဲမှု ခုနစ်ကြိမ် ဖြစ်ခဲ့သော ရန်ကုန်-စစ်တွေ ကားလမ်းကို လုံခြုံရေး တင်းကျပ်
17-Dec-2017 tagged as ရန်ကုန်

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

သုံးပတ်အတွင်း မိုင်း ၁၃ လုံးတွေ့ရှိ ကာ ပေါက်ကွဲမှု ခုနစ်ကြိမ် ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ရန်ကုန်-စစ်တွေ ကားလမ်းတစ်လျှောက်ကို လုံခြုံရေး တင်းကျပ်ထားကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။

“နိုင်ငံရေး တင်းကျပ်ရှုပ်ထွေးမှုတွေ ရှိနေတော့ အဓိက လမ်းမကြီးဖြစ်တဲ့ ဒီနေရာကို ပစ်မှတ်ထား ဖောက်ခွဲဖို့ အာရုံစိုက်လာတာပါ။ လမ်းကရှည်သလို တစ်လျှောက်လုံး တံတားတွေ များတယ်။ လုံခြုံရေးစိုးမိုးမှု ကောင်းတဲ့အထိ တင်းကျပ်မယ်”ဟု ၎င်းကဆိုသည်။

ရန်ကုန်-စစ်တွေ ကားလမ်း၌ နိုဝင်ဘာလ ၁၅ ရက်မှ ဒီဇင်ဘာလဆန်းအထိ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်များနှင့်ပတ်သက်၍ ကျူးလွန်သူသည် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ဝင် AA တွင် အဓိက တာဝန်ရှိသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာလ ၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း အဆိုပါ မိုင်းဖောက်ခွဲမှုကို AA အနေဖြင့် လုံးဝကျူးလွန်ခြင်း မရှိကြောင်း ပြန်လည် ငြင်းဆန်ထားသည်။

ထိုသို့ လက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် တပ်မတော်တို့ကြားတွင် စစ်ရေးဆိုင်ရာ အပြန်အလှန် ထိတွေ့ပစ်ခတ်မှုများ ရှိလာပြီးနောက် ရန်ကုန်-စစ်တွေ ကားလမ်းတွင် အချိန်ကိုက် မိုင်းများ တပ်ဆင်လှုပ်ရှားမှုများ ဆင့်ကဲဖြစ်ပေါ်လာကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“ဒီကားလမ်းက ပင်မအဝေးပြေး ကားလမ်းကြီးဖြစ်တော့ နေ့စဉ် မော်တော်ယာဉ် များစွာ ဖြတ်သွားနေတယ်။ ပြည်သူတွေရဲ့ စိုးရိမ်သောကနဲ့ အသက်အန္တရာယ် လုံခြုံရေးအတွက်ပဲ အခုလို တင်းကျပ်ဆောင်ရွက်ရတာပါ”ဟု ၎င်းကဆိုသည်။

ရန်ကုန်-စစ်တွေ ကားလမ်းသည် ရခိုင်ပြည်နယ်အတွက် ကုန်စည်ကူးသန်းရန် အဓိက ဖြတ်သန်းသွားလာရသောလမ်းဖြစ်ပြီး ကားလမ်းတစ်လျှောက် ဖောက်လုပ်ထားသည့် တံတားအစင်း ၁၈၀ ကျော်ရှိခြင်းကြောင့် လုံခြုံရေးပိုင်းကို ရဲတပ်ဖွဲ့၊ တပ်မတော်နှင့် ကျေးရွာ လုံခြုံရေးအဖွဲ့များဖြင့် ပူးပေါင်း၍ ၂၄ နာရီအပြည့် လုံခြုံရေး ယူထားကြောင်း ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးက ဖြည့်စွက် ပြောကြားသည်။ 

J-17