News

POST TYPE

NEWS

ခွေးရူးရောဂါကင်းစင်ရေး ငါးမြို့နယ်မြောက်အဖြစ် ဗဟန်းမြို့နယ်ကို ရွေးချယ်ပြုလုပ်
17-Dec-2017 tagged as ရန်ကုန်


ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ခွေးရူးရောဂါ ကင်းစင်နယ်မြေ ဖော်ဆောင်ရေးစီမံချက် ငါးမြို့နယ်မြောက်အဖြစ် ဗဟန်းမြို့နယ်တွင် ဒီဇင်ဘာလ ၁၆ ရက်မှစ၍ လေလွင့်ခွေးမျိုးပွားမှု ထိန်းချုပ်ရေးအစီအစဉ်ကို ပြုလုပ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနထံမှ သိရသည်။

စီမံချက်ကို တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနရှိ တိရစ္ဆာန်ရောဂါ ကုသရေးဆရာဝန်အဖွဲ့က ဦးစီးဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတားမြို့နယ်များရှိ လေလွင့်ခွေး တစ်ထောင်ကျော်ကို မျိုးဆက်ပွားမှု အပါအဝင် ခွေးရူးရောဂါ ကာကွယ်ဆေးထိုး၍ ထိန်းချုပ်နိုင်ခဲ့ပြီး ခွေးရူးရောဂါ ကင်းစင်နယ်အဖြစ် သတ်မှတ်ပြီးပြီဖြစ်ကြောင်း တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလှမေဦးက ပြောကြားသည်။

“ဗဟန်းက ဒီနေ့စပြီ။ ရပ်ကွက်အလိုက် ဖြည်းဖြည်းချင်း လုပ်မယ်။ မကြာခင် နွေကာလ ရောက်တော့မယ်။ ခွေးရူးရောဂါ ပျံ့နှံ့မှု မရှိအောင် ဦးစားပေး ဆောင်ရွက်မှာပါ”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် လေလွင့်ခွေးမျိုးပွားထိန်းချုပ်ရေးစီမံချက်ကို နည်းလမ်းလေး သွယ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ခွေးထီး များကို သင်းကွပ်ခြင်း၊ ခွေးမများကို သန္ဓေတားဆေးထိုးနှံခြင်း၊ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးခြင်း၊ မေ့ဆေးမှုတ်ပြောင်းဖြင့် ဖမ်းဆီးခြင်းတို့ကို ဆောင်ရွက်နေကြောင်း တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနထံမှ သိရသည်။

“လေလွင့်ခွေးကို စည်ပင်ဂေဟာမှာ ထားပေးဖို့ တောင်းဆိုမယ်။ ဗဟန်းမှာလည်း ပိုင်ရှင်မဲ့ခွေးက အခုနောက်ပိုင်း ပိုများလာတယ်။ အဆိပ်ချ ရှင်းလင်းတာမျိုးတော့ ကျွန်တော်တို့လည်း အားမပေးပါဘူး”ဟု ဗဟန်းမြို့နယ် ဒေသခံတစ်ဦးက ဆိုသည်။

ဗဟန်းမြို့နယ်တွင် ရပ်ကွက် ၂၂ ခု ရှိသောကြောင့် ခွေးရူးရောဂါ ကင်းစင်ရန် အရှိန်မြှင့် လုပ်ဆောင်ရမည်ဖြစ်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်၌ ၂၀၁၈ ခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေသည့် နိုင်ငံတကာအဆင့်မီ တိရစ္ဆာန်ဆေးရုံကြီး ပြီးစီးပါက လုပ်ငန်း ပိုမိုတွင်ကျယ်လာမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မှတ်တမ်းအရ ယခုနှစ်ကုန်တွင် ရန်ကုန်မြို့၌ ခွေးကောင်ရေ နှစ်သိန်းနီးပါး ရှိလာသည်ဟု ခန့်မှန်းထားပြီး တစ်နှစ်လျှင် မျိုးပွားနှုန်းမှာ  ခွေးကောင်ရေ သုံးသောင်းနှင့် ငါးသောင်းကြားရှိကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

J-17

  • VIA