News

POST TYPE

NEWS

၂၀၂၀ ၌ ဆန်တန်ချိန် လေးသန်းအထိ တိုးမြှင့်တင်ပို့ရန် စီးပွား/ကူးသန်း ဒုဝန်ကြီး တိုက်တွန်း
17-Dec-2017 tagged as ရန်ကုန် ဆန်


ရန်ကုန်၊ ဒီဇင်ဘာ ၁၆

၂၀၂၀ ပြည့်နှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် လေးသန်းအထိ တိုးမြှင့်တင်ပို့ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကို တိုက်တွန်းပြောကြားလိုက်သည်။ 

ဒီဇင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ နှစ်ပတ်လည် အထွေထွေအစည်းအဝေး၊ အထွေထွေညီလာခံနှင့် ရွေးချယ်တင်မြှောက်ပွဲပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အခု ကျွန်တော်တို့ နှစ်သန်းပို့နိုင်ပြီ။ ကျွန်တော်တို့လောက် မြေမရှိတဲ့ ဗီယက်နမ်က ငါးသန်းပို့တယ်။ ကျွန်တော်တို့ရဲ့ ပို့နိုင်အားက ဘယ်လောက်ရှိလဲဆိုတာကို မှန်းကြည့်လို့ရပါတယ်။ လာမယ့် ၂၀၂၀ မှာ သုံးသန်းမပို့ဘဲနဲ့ နှစ်သန်းကနေ နှစ်ဆတိုးပြီး လေးသန်းလောက်အထိပို့ဖို့ မျှော်မှန်းစေချင်ပါတယ်။ ဒါလည်း ဖြစ်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု စီးပွား/ကူးသန်း ဒုဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။ 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းတင်ပို့နိုင်ရန် ခန့်မှန့်ထားခဲ့ပြီး ဒီဇင်ဘာလဆန်းပိုင်းတွင်ပင် ဆန်တန်ချိန် နှစ်သန်းတင်ပို့နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားသည်။ 

“လာမယ့် ၂၀၂၀ မှာ ဆန်တန်ချိန် သုံးသန်းပို့နိုင်ပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ အထိ ရှာပေးနိုင်အောင် ဆန်စပါးအသင်းချုပ်အနေနဲ့ ရည်မှန်းထားပါတယ်” ဟု ၎င်းက ပြောဆိုသည်။ 

ဒီဇင်ဘာလဆန်းပိုင်းအထိ ပြည်ပတင်ပို့နိုင်ခဲ့သည့် ဆန်တန်ချိန်နှစ်သန်းကို ခေတ်မီရိတ်သိမ်းခြွေလှေ့စက်များ အသုံးပြု၍ ဆန်စပါးအလေအလွင့်များ လျှော့ချနိုင်ခြင်း၊ နိုင်ငံတကာဈေးကွက်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ပြည်ပတင်ပို့မှု တိုးမြင့်လာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ 

“ဒီဇင်ဘာလဆန်းမှာတင် တန်ချိန် နှစ်သန်းပို့နိုင်ပြီ။ ဒီဘတ်ဂျက်နှစ် မကုန်ခင်လည်း ဆက်ပို့ရဦးမှာ။ ဒါက နှစ်ပေါင်း ၆၀ အတွင်းမှာ ဆန်စပါးကဏ္ဍရဲ့ သမိုင်းဝင်မှတ်တမ်းပါပဲ။ အဓိကက တစ်ဧကအထွက်နှုန်းက ဒီလောက်မတိုးပေမယ့် ရိတ်သိမ်း ခြွေလှေ့စက်တွေနဲ့ လုပ်နိုင်တဲ့အတွက် အလေအလွင့်တွေ လျှော့ချနိုင်တယ်။ IFC တို့၊ World Bank တို့နဲ့လည်း ပူးပေါင်းဆောင်ရွက်နိုင်တဲ့အတွက် ပြည်ပတင်ပို့တာ တိုးလာတာပါ” ဟု ယင်းအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။ 

J-11