News

POST TYPE

NEWS

ပဲခူးမြို့ခံ သုံးဘီးဆိုင်ကယ်သမားများက ဟိုက်ဂျက်ယာဉ်နှင့် လဲလှယ်မည့်အစီအစဉ်ကို လက်မခံ
17-Dec-2017

တောင်ငူ၊ ဒီဇင်ဘာ ၁၆

ပဲခူးမြို့တွင်း လမ်းမများပေါ်တွင် ခရီးသည်တင်ဆောင်ကာ ပြေးဆွဲမောင်းနှင်သော သုံးဘီးဆိုင်ကယ်များကို တိုင်းအစိုးရက ဟိုက်ဂျက်ယာဉ်ဖြင့် လဲလှယ်ပေးမည့် အစီအစဉ်ကို လက်မခံကြောင်း သုံးဘီးဆိုင်ကယ်သမားများက ပြောကြားသည်။

ဒီဇင်ဘာလ ၁၆ ရက် နံနက် ၁၁ နာရီခွဲတွင် ပဲခူးမြို့နယ် ဥဿာမြို့သစ် ဒက္ခိဏသာခါရာမ ကျောင်းတိုက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ၎င်းတို့က အထက်ပါအတိုင်း ပြောကြားသည်။ 

သုံးဘီးဆိုင်ကယ် မောင်းနှင်သူများမှာ အငြိမ်းစားဝန်ထမ်းများနှင့် အသက်အရွယ်ကြီးရင့်သူများ ပါဝင်ကြောင်း၊ အဆိုပါ ဆိုင်ကယ်မောင်းနှင်ရန်အတွက် အိမ်ပေါင် ခြံပေါင်ကာ လုပ်ကိုင်စားသောက်နေရပြီး ကျပ်သိန်း ၁၀၀ ကျော်တန် ဟိုက်ဂျက်ဝယ်ခိုင်းမှုမှာ အဆင်မပြေသဖြင့် စည်းကမ်းချက်တစ်ခု သတ်မှတ်ကာ မောင်းနှင်ခွင့်ပေးစေလိုကြောင်း ပဲခူးမြို့ခံ သုံးဘီးဆိုင်ကယ်သမား ဦးဌေးလွင်က ပြောကြားသည်။

“ကားမောင်းတယ် ဆိုတာကလည်း စက်ဘီးစီးသင်သလို မလွယ်ပါဘူး၊ ဒါကြောင့် စည်းကမ်းတစ်ခုသတ်မှတ်ပြီး မောင်းနှင်ခွင့်ပေးစေချင်ပါတယ်” ဟု ၎င်းကဆိုသည်။ 

ယခုနှစ် ဇူလိုင်လခန့်က ပဲခူးတိုင်းဒေသကြီး  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်သည့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ပဲခူးမြို့တွင် ယာဉ်ကြောပိတ်ဆို့သည်ဟုဆိုပြီး သုံးဘီးဆိုင်ကယ်သမားများကို မြို့တွင်းသို့ ဝင်ထွက်ခွင့်ပိတ်သိမ်းရန် စီစဉ်ဆောင်ရွက်ခဲ့သည်။

သုံးဘီးဆိုင်ကယ်မောင်းနှင်ခွင့်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရုပ်သိမ်းခြင်းနှင့် ပတ်သက်၍ ယခုနှစ် ဩဂုတ်လ ၈ရက်က သုံးဘီးဆိုင်ကယ် ၈၀ ကျော်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း၊ ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့က အချိန်နောက်ဆုတ်ပေးကာ ဟိုက်ဂျက်ယာဉ်နှင့် လဲလှယ်ရန် စီစဉ်ခဲ့သည်ကို ကန့်ကွက်နေကြောင်း သုံးဘီးဆိုင်ကယ် မောင်းနှင်ပြေးဆွဲနေသူများက ဆိုသည်။

ပဲခူးမြို့တွင်း မြို့ပတ်ယာဉ်လိုင်းများ အဆင်မပြေသဖြင့် လွန်ခဲ့သော ၅ နှစ်ခန့်မှ စတင်ကာ ပဲခူးတွင် သုံးဘီးဆိုင်ကယ် ပြေးဆွဲမှုများ ပေါ်ပေါက်ခဲ့ကြောင်း၊ လက်ရှိတွင် အစီး ၅၀၀ ကျော်ခန့်ရှိပြီး တစ်စီးလျှင် ယာဉ်မောင်းနှင့် ယာဉ်အကူ နှစ်ဦးရှိကြောင်း၊ သုံးဘီးဆိုင်ကယ်လုပ်ငန်းကို မိသားစု ၅၀၀၀နီးပါး မှီခိုနေရသဖြင့် တိုင်းအစိုးရအနေနှင့် စီမံချက်ကို ပြန်လည်သုံးသပ်စေလိုကြောင်း သုံးဘီးဆိုင်ကယ် မောင်းနှင်သူများက ပြောကြားသည်။

သုံးဘီးဆိုင်ကယ်များကို ပဲခူးမြို့တွင်း မောင်းနှင်ပြေးဆွဲခွင့် ရုပ်သိမ်းပြီး ဟိုက်ဂျက်မော်တော်ယာဉ်နှင့် လဲလှယ်ရန် စီစဉ်နေခြင်းနှင့် ပတ်သက်၍  ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေထံ ဒီဇင်ဘာလ ၁၆ ရက် မွန်းလွဲပိုင်းက ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။ 

R-15

  • VIA