News

POST TYPE

NEWS

ငါးဖမ်းပိုက်အတွင်း စက်လှေဝင်သွားရာက ရေလုပ်သားနှစ်ဦး သေဆုံး
17-Dec-2017 tagged as ရန်ကုန်

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ကော့မှူးမြို့နယ်၊ မြစိမ်းသောင်အနီးတွင် ငါးဖမ်းပြီး ပြန်လာသော စက်လှေနှစ်စီး ငါးထောင်ကျားပိုက်အတွင်း ဝင်သွားရာက နစ်မြုပ်ပြီး လှေလုပ်သား အမျိုးသားနှစ်ဦး သေဆုံးသွားကြောင်း ကျောက်တန်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကျောက်တန်းမြို့နယ်၊ သနပ်ပြင်ကျေးရွာတွင် နေထိုင်သော အသက် ၅၇ နှစ်အရွယ် ဦးတိုးနှင့် အသက် ၂၇ နှစ်အရွယ် ကိုမျိုးဝင်းလှိုင်တို့သည် လွန်ခဲ့သော လေးငါးရက်ခန့်က စက်လှေတစ်စီးဖြင့် ပင်လယ်ဝသို့ သွားရောက်ပြီး ငါးထောင်ပြန်လာစဉ် အထက်ပါ နေရာအရောက် ငါးထောင်ထားသော ကျားပိုက်တစ်ခုအတွင်း စက်လှေ ဝင်ရောက်သွားပြီး တိမ်းမှောက် နစ်မြုပ်သွားရာက ရေနစ်သေဆုံးသွားခြင်း ဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ကျားပိုက်က အဝကျယ်ပြီး အတွင်းဘက်ရောက်ရင် ကျုံ့သွားတာ၊ ပိုက်ထဲဝင်သွားရင် စက်လှေက အားသေးရင် ပြန်ထွက်ဖို့ ခက်တယ်၊ ရေစီးကလည်း သန်နေတော့ ပြန်မထွက်နိုင်ဘဲ နစ်မြုပ် ဝင်သွားတာ၊ အခု သေဆုံးသွားတဲ့ သူတွေက စက်လှေတစ်စီးနဲ့ သူ့အဖော်တွေက စက်လှေတစ်စီးနဲ့သွားတာ။ သူ့အဖော်တွေကတော့ ကျားပိုက်ကို ဆွဲကိုထားလိုက်လို့ နစ်တဲ့အထဲ ပါမသွားတာ၊ ဒါတောင် စက်လှေ ပါသွားသေးတယ်”ဟု ကျောက်တန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ကျားပိုက်အတွင်းမှ ပြန်လည် လွတ်မြောက်လာသူများမှာ အသက် ၂၂ နှစ် အရွယ် ကိုလှစိုးနှင့် ၎င်း၏ ညီဖြစ်သူ အသက် ၁၂ နှစ်အရွယ် မောင်ဇေယံဖြိုးတို့ဖြစ်ပြီး ပင်လယ်ဝမှ ငါးဖမ်းပြီး ပြန်လာစဉ် ကွမ်းခြံကုန်းမြို့နယ်၊ တော်ခလူး ကျေးရွာအရောက် တစ်ထောက်နားကာ အရက်အတူတူသောက်ပြီး ဒီဇင်ဘာလ ၁၄ ရက် နံနက်ပိုင်းက ရေတက်နှင့်အတူ ပြန်လာစဉ် ငါးထောင်ကျားပိုက်အတွင်း လှေဝင်ရောက်ကာ နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။

“အလောင်းကို ကျန်ခဲ့တဲ့သူတွေက ပြန်သယ်လာတာ၊ မနေ့ကမနက် ၁၀ နာရီမှ သိခဲ့တယ်။ အရက်သောက်ထားတဲ့ အရှိန်ရယ်၊ ရေစီးအားသန်တာရယ်၊ ညမှောင်နေတဲ့ အချိန်ရယ်ကြောင့် ဖြစ်သွားတာ နေမှာပါ၊ မြင်ရတယ်ဆိုရင် ကျားပိုက်ကို ရှောင်လို့ရတယ်။ ရုပ်အလောင်းတွေကို ဆေးရုံပို့ပြီး သေမှုသေခင်း ဖွင့်ထားတယ်”ဟု ကျောက်တန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။   

J-16