News

POST TYPE

NEWS

ပန်ဆယ်လို အကောင့်ပိုင်ရှင်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့်သည့်ကိစ္စ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
17-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ရမ္မာဝတီဆရာတော်၊ ဦးဝီရသူနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အပေါ် ပန်ဆယ်လိုအကောင့်မှ ဂုဏ်သိက္ခာ ထိခိုက်စေသည့် ရေးသားဖော်ပြမှုနှင့် ပတ်သက်၍ တာမွေမြို့မ ရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တိုင်ကြားထားသည့် တရားလိုဖြစ်သူ ဦးမောင်မောင်တာက ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ် ဘုရားလမ်းရှိ ရင်ကြည် စားတော်ဆက်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ 

“ဗုဒ္ဓဘာသာကို စော်ကားတဲ့အတွက်ရယ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကြီးကို ဆဲရေးတိုင်းထွာတဲ့အတွက် မဖြစ်သင့် မဖြစ်ထိုက်တာတွေ  ဖြစ်ပေါ်လာမှာ စိုးတဲ့အတွက် နောက်နောင် ဒီလိုမစော်ကားနိုင်အောင် ကျွန်တော်က အမှုဖွင့် တရားစွဲဆိုရခြင်း ဖြစ်ပါတယ်”ဟု တရားလို ဦးမောင်မောင်တာက ပြောသည်။ 

တပ်မတော် (အငြိမ်းစား) အဖြစ် ဖော်ပြတိုင်တန်းခဲ့သည့် တရားလို ဦးမောင်မောင်တာက ပန်ဆယ်လို အကောင့် စာမျက်နှာတွင် ရေးသားခဲ့သည့် ပို့စ်မှတ်တမ်းများ၊ မှတ်ချက်ပေးသည့် စာသားများနှင့်အတူ တာမွေမြို့မ ရဲစခန်းတွင် ဒီဇင်ဘာ ၁၂ ရက်နေ့က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တိုင်ကြားခဲ့ပြီး ယင်းတိုင်တန်းချက်တွင် နိုဝင်ဘာ ၂၈ ရက်နေ့က မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် လမင်းသာ-၂ စားသောက်ဆိုင်အတွင်း ရမ္မာဝတီဆရာတော် ရိုက်နှက်ခံရသည့်ကိစ္စ၊ ဧပြီ ၆ ရက်က ဦးဝီရသူ (ခ) ဦးဝိစိတ္တ (အဘိဝံသ) နှင့်ပတ်သက်၍ ရေးသားထားသည့်ကိစ္စ၊ အိအိမွန်(ပန်ဆယ်လို ကလောင်နာမည် မရခင်) နေ့ရက် ဖော်ပြမထားဘဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ပတ်သက်၍  ရေးသားထားသည့် ကိစ္စရပ်များ ပါဝင်ကြောင်း၊ ဥပဒေနှင့်အညီ အရေးယူပေးရန် တရားလို ဦးမောင်မောင်တာမှ နစ်နာသူ ရမ္မာဝတီဆရာတော်၏ ကိုယ်စားလှယ် လွှဲစာဖြင့် တိုင်တန်းခြင်းဖြစ်သည်။

“ပြင်ထားတဲ့ ဥပဒေမှာ ကာယကံရှင်သော်လည်းကောင်း၊ ကာယကံရှင်က လွှဲအပ်ခံရသူသော်လည်းကောင်းလို့ ဖော်ပြထားတယ်။ အခုတိုင်ကြားချက်ကို ရမ္မာဝတီ ဆရာတော်က ကိုယ်စားလှယ်  လွှဲထားပြီးသားပါ။ ကျွန်တော်ကြည့်လိုက်တာ တွေ့ပါတယ်။ ကျန်တဲ့သူတွေကလည်း မလွှဲဘူး မဟုတ်ဘူး၊ လွှဲထားပြီးသားပါ။ ကျွန်တော်က ကြည့်ပြီးသားလေ။ တရားရုံးကျရင်တော့ သက်သေခံအဖြစ် တင်ပြသွားမှာပါ။ အထောက်အထားတွေ ရှိပြီးသားပါ။ ဒါက ကျွန်တော်ရှင်းရမယ့် တာဝန်မဟုတ်တော့ တရားရုံးရောက်မှ တင်ပြပါလိမ့်မယ်။ အခုက တရားရုံးရောက်မယ် မရောက်ဘူးဆိုတဲ့ အဆင့်တွေက ကျန်နေသေးတယ်။ ရဲက စုံစမ်းစစ်ဆေးနေတယ်။ ပြီးရင် ဥပဒေရုံးကို တင်မယ်။ ဥပဒေရုံးက ၆၆ (ဃ) နဲ့ ဖြေရှင်းဖို့ တာဝန်ရှိတယ်ဆိုရင် တရားရုံးမှာ တရားစွဲတင်ပါလိမ့်မယ်”ဟု သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူ တရားလွှတ်တော်ရှေ့နေ ဦးအေးပိုင်က မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။ 

ကိုယ်စားလှယ် လွှဲစာနှင့်ပတ်သက်၍ တရားလို ဦးမောင်မောင်တာကို ထပ်မံ မေးမြန်းရာတွင် “တရားရုံးကျရင် သိရမှာပေါ့။ ပါမှ တရားစွဲလို့ရမယ်ဆိုရင်တော့ ပါအောင် လုပ်ရမှာပေါ့”ဟု ပြန်လည် ဖြေကြားခဲ့သည်။

အမှုဖွင့် တိုင်ကြားခံရမှုနှင့် ပတ်သက်၍ ပန်ဆယ်လို အကောင့်ပိုင်ရှင်မှ “ကျွန်မအနေနဲ့ ရင်ဆိုင်ဖို့ အဆင်သင့် ရှိပါတယ်။ ကျွန်မ ရေးထားတဲ့ အကြောင်း အရာနဲ့ပတ်သက်ပြီး ယုံကြည်မှု အပြည့်အဝ ရှိပါတယ်။ ဖြေရှင်းသွားဖို့ အဆင်သင့် ရှိပါတယ်”ဟု သူမ၏ လူမှုကွန်ရက် စာမျက်နှာမှ Live လွှင့်ခဲ့သည်။

S-03

  • VIA