News

POST TYPE

NEWS

ငပလီကမ်းခြေရှိ ကျူးကျော်ဆိုင်ခန်းများဖယ်ရန် ပြည်နယ်အစိုးရ ညွှန်ကြား
17-Dec-2017 tagged as ငပလီ


ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ငပလီ အပန်းဖြေစခန်းအနီးတွင် ဆောက်လုပ်ထားသည့် ကျူးကျော်ဈေးဆိုင်ခန်း ၁၆ ခန်းကို ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် အပြီးသတ်ဖယ်ရှားပေးရန် ပြည်နယ်အစိုးရက ညွှန်ကြားလိုက်ပြီဖြစ်ကြောင်း ငပလီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

“အစိုးရအဖွဲ့က အပြီးသတ် ဖယ်ရှားပေးဖို့ နောက်ဆုံး သတိပေးလိုက်တာပါ။ အများပြည်သူပိုင် နေရာတွေမှာ ကျူးကျော်တည်ဆောက်ခွင့် မရှိပါဘူး။ မဖယ်ရင် ဥပဒေအရ တရားစွဲဆိုမယ်”ဟု ငပလီမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်သူလှိုင်က ဆိုသည်။

ငပလီမြို့နယ် ဇီးဖြူကုန်း ရပ်ကွက်ရှိ အများပြည်သူပိုင် မြေနေရာ ဧရိယာ ၁၈၅ ပေ၊ ၉၅ ပေတွင် ဈေးဆိုင်ခန်း ၁၆ ခန်းသည် မြေပိုင်ဆိုင်မှုမရှိဘဲ ကျူးကျော်၍ တရားမဝင် တည်ဆောက်ထားခြင်း ကြောင့် မြို့နယ်အဆင့် အုပ်ချုပ်ရေးရုံးက ဖယ်ရှားပေးရန် နိုဝင်ဘာ နောက်ဆုံးပတ်တွင် သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိသဖြင့် ပြည်နယ်အစိုးရက တိုက်ရိုက် ညွှန်ကြားလိုက်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

“ငပလီ ကမ်းခြေအတွက် ရေရှည်မှာ ထိခိုက်နိုင်ခြေရှိလို့ လက်မခံတာပါ။ နောက်ပြီး အများပြည်သူပိုင် မြေနေရာမှာ ဒီလို တရားမဝင် မြေယာချဲ့ထွင် ကျူးကျော်မှုကို လက်မခံပါဘူး”ဟု ရခိုင်ပြည် နယ်အစိုးရအဖွဲ့မှ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ဈေးဆိုင်ခန်းများကို ငပလီမြို့နယ် စည်ပင်ဥက္ကဋ္ဌနှင့် ဇီးဖြူကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးတို့၏ နှစ်ဦးသဘောတူညီချက်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ခန်းငှားရမ်းမှုမှ ရရှိသော အကျိုးအမြတ်ကို ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် အသုံးပြုမှု မရှိခြင်းကြောင့် ဆိုင်ခန်းများ စတင် တည်ဆောက်စဉ် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလက ဒေသခံများ ဆန္ဒပြကန့်ကွက်ခဲ့သည်။

ထိုသို့ ကမ်းခြေဧရိယာတွင် ကျူးကျော် ဆောက်လုပ်ခြင်းကြောင့် ဖယ်ရှားခံရမည့် ဈေးဆိုင်ခန်း ပိုင်ရှင်များကလည်း အစိုးရအဖွဲ့ထံ အသနားခံစာတင်သွင်းရန် ပြင်ဆင်နေကြောင်း ဇီးဖြူကုန်းကျေးရွာ ရွာသားများထံမှ သိရသည်။ 

J-17

  • VIA