News

POST TYPE

NEWS

ဘော်ဒါဆောင်တွင် တက္ကသိုလ်ကျောင်းသားချင်း ရန်ဖြစ်၍ လူသတ်မှုဖြစ်
17-Dec-2017

မုံရွာ၊ ဒီဇင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြဝတီရပ်ကွက်၊ သစ္စာလမ်းသွယ်ရှိ တက္ကသိုလ် ကျောင်းသားများ ငှားရမ်းနေထိုင်သော ဘော်ဒါဆောင်တစ်ခုတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၈ နာရီခွဲကျော်က တက္ကသိုလ် ကျောင်းသား အချင်းချင်း စကားများ ရန်ဖြစ်ရာမှ ကျောင်းသားတစ်ဦး ဓားထိုးခံရ၍ သေဆုံးခဲ့ကြောင်း အမှတ်(၂)နယ်မြေ ရဲစခန်းထံမှ သိရသည်။

အဆိုပါ ဘော်ဒါဆောင်တွင် ငှားရမ်းနေထိုင်သည့် မုံရွာတက္ကသိုလ်ကျောင်းသားများဖြစ်သည့် မင်းခန့် ၂၂ နှစ်၊ နိုင်ရဲအောင် ၁၉ နှစ်နှင့် သန့်ဇင်ဝင်းတို့ သုံးဦးသည် ပြင်ပမှ အရက်ဝယ်လာပြီး အဆောင်၌ သောက်နေစဉ် ကျော်ဖြိုးလှိုင် ၁၈ နှစ်က အရက်သောက်ပြီး မဆူကြရန် ပြောဆိုရာမှ ရန်ဖြစ်ခဲ့ရာ မင်းခန့်က အရိုးအသွား ကိုးလက်မခွဲရှိ စတီးဓားဖြင့် ထိုးခဲ့၍ ကျော်ဖြိုးလှိုင်သည် ထိုးသွင်းဒဏ်ရာ ရသဖြင့် ညတွင်းချင်းပင် ဆေးရုံသို့ တင်ပို့ကုသနေစဉ် သေဆုံးခဲ့ကြောင်း မြဝတီ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောကြားသည်။

“တောအရက် ရေသန့်ဘူးနဲ့ ဝယ်လာပြီး အဆောင်မှာ သောက်ကြတာ။ သေတဲ့ကောင်လေးက မသောက်ဘူး။ မဆူဖို့ တားတာကို ဓားနဲ့ထိုးတာပေါ့ဗျာ။ ထိုးတဲ့သူငယ်ချင်းကပဲ ဆေးရုံလိုက်ပို့ပါတယ်။ ဆေးရုံရောက်ပြီး ဆုံးသွားတာပါပဲ”ဟု ၎င်းကဆိုသည်။ 

ယင်းသို့သေဆုံးခဲ့၍ အဆောင်ပိုင်ရှင် ဒေါ်လှရင်က လူသတ်မှု ကျူးလွန်သူဟု တိုင်ကြားခံရသူ မင်းခန့် အပါအဝင် သုံးဦးကို အရေးယူပေးရန် တိုင်ကြားခဲ့၍ မုံရွာ အမှတ် (၂) နယ်မြေစခန်းတွင် (ပ) ၇၆၄/၂၀၁၇ ရာဇသတ်ကြီး ၃၀၂၊ ၁၁၄ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ယင်းစခန်းထံမှ သိရသည်။

R-08

  • VIA