News

POST TYPE

NEWS

ရန်ကုန် ညဈေးတွင်ရွှေဘုံသာလမ်း ဈေးသည် ၂၅၀ ခန့်သာ ရောင်းချ
17-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းတစ်လျှောက် ဈေးရောင်းချနေသည့် ဈေးသည်များကို ကမ်းနားလမ်း ညဈေးသို့ နိုဝင်ဘာလ ၁၅ ရက်က ပြောင်းရွှေ့ ရောင်းချစေခဲ့သော်လည်း ဈေးသည် ၂၅၀ ကျော်သာ ရောင်းချလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ရွှေဘုံသာလမ်းတွင် နိုဝင်ဘာလ ၁၇ ရက်က ကားဖြင့်လှည့်လည် ဖွင့်လှစ်ရောင်းချနေသည့် လမ်းဘေးဈေးသည် ရှစ်ဦးကို တရားစွဲပြီးနောက်ပိုင်း လာရောက်ရောင်းချသည့် ဈေးသည်များ မရှိတော့ကြောင်း ပန်းဘဲတန်းမြို့နယ်၊ စည်ပင်အုပ်ချုပ်ရေးမှူး ဦးလင်းဇော်စိုးက ပြောကြားသည်။

“ရွှေဘုံသာလမ်းမှာ ပြန်လည်ရောင်းချတဲ့ ဈေးသည်တွေကို တရားစွဲဆိုပြီး နောက်ပိုင်း လမ်းထဲမှာ လာရောင်းတာတွေ မရှိတော့ဘူး။ မုန့်ရောင်းတဲ့ဈေးသည် တချို့လောက်ပဲ ခိုးရောင်းတာ ရှိတယ်။ သွားဖမ်းတော့ ထွက်ပြေးကြတယ်။ ဈေးသည် အများစုကတော့ ညဈေးမှာပဲ ရောင်းချကြတယ်”ဟု ၎င်းက ဆိုသည်။

ရွှေဘုံသာလမ်းတွင် ရောင်းချနေသည့် ဈေးသည် ၃၄၁ ယောက်ကို ကမ်းနား ညဈေးတန်းရှိ ပန်းဆိုးတန်းနှင့် ဆူးလေဘုရားလမ်းကြားရှိ ကမ်းနားလမ်းမြေနေရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ပန်းဘဲတန်းမြို့နယ်၊ စည်ပင် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ရွှေဘုံသာလမ်းတွင် ဈေးသည်များ ပြန်လည်ရောင်းချခြင်း ရှိ၊ မရှိကို မြို့နယ် ရဲတပ်ဖွဲ့၊ စည်ပင်သာယာ ရဲတပ်ဖွဲ့က ရွှေဘုံသာလမ်း ကမ်းနားလမ်းမှ ဗိုလ်ချုပ်လမ်းထိပ်အထိ စောင့်ကြည့်ဖယ်ရှားမည် ဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ်၊ စည်ပင် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ရွှေဘုံသာလမ်း အရပ်အခေါ် ဘိန်းစားတန်း (သူခိုးတန်း) ရှိ အီလက်ထရွန်နစ် ပစ္စည်းအဟောင်းများ၊ ဖုန်းအဟောင်းများ၊ လူ့အသုံးအဆောင် ပစ္စည်းတစ်ပတ်နွမ်းများ ရောင်းချသည့်ဆိုင်များကို လေးပေပတ်လည်၊ အစားအသောက်ဆိုင်များကို ရှစ်ပေပတ်လည် အကျယ်ဆိုင်ခန်းများကို ကမ်းနားလမ်း ညဈေးတွင် နေရာချပေးထားသည်။

“ညဈေးတန်းမှာ ရောင်းတဲ့ ရောင်းအားက ရွှေဘုံသာလမ်းက ရောင်းအားနဲ့စာရင် ဆယ်ဆမှာ တစ်ဆလောက်ပဲ ရောင်းရတယ်။ လုံးဝကို အဆင်မပြေဆုံးတော့ မဟုတ်သေးဘူး။ လာတဲ့သူကတော့ စည်ကားတယ်။ ဈေးသည်တွေကတော့ အားတင်းပြီး ရောင်းနေကြတယ်။ ဈေးသည် တချို့က ရက်အပြည့် မဖွင့်တာတွေတော့ ရှိတယ်။ လုံးဝ မောင်းထုတ်တာထက် စာရင် ခုလိုရောင်းရတာ ကျေးဇူးတင်ပါတယ်”ဟု ညဈေးတန်းတွင် ဖုန်းရောင်းချနေသူ ဒေါ်အေးသန်းက ဆိုသည်။

ညဈေးတန်းကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလက စတင် ဖွင့်လှစ်ခဲ့ပြီး မြို့တွင်း လေးမြို့နယ်မှ လမ်းဘေး ဈေးသည်များကို ညနေ ၃ နာရီမှ ည ၁၁ နာရီအထိ ရောင်းချခွင့်ပေးထားသည်။     

 J-10

  • VIA