News

POST TYPE

NEWS

ကနီတွင် လယ်ယာမြေဆုံးရှုံးသူများကို ပထမဆုံးအကြိမ် လျော်ကြေးပေးမည်
16-Dec-2017

ကလေး၊ ဒီဇင်ဘာ ၁၆ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်နှင့် မင်းကင်းမြို့နယ်အကြား မြို့နယ်ချင်းဆက် ဖောက်လုပ်ထားသည့်လမ်းကြောင့် လယ်ယာမြေများ ဆုံးရှုံးခဲ့ရသည့် တောင်သူများအတွက် လယ်ယာမြေလျော်ကြေးကို ပထမဆုံးအကြိမ် ပေးမည်ဖြစ်ကြောင်း ကနီမြို့၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။ 

ကနီမြို့နယ်အတွင်းရှိ လမ်းမိုင် ၃၈ မိုင် ဖြတ်သန်းခံရသည့် အထက်ကင်းရွာ၊ မိချောင်းတွင်းရွာ၊ နံစုရွာ၊ ရေသာရွာသစ်နှင့် ရေသာရွာမ ရွာများရှိ လယ်ယာမြေ ဆုံးရှုံးခဲ့ရသည့် တောင်သူတစ်ရာကျော်၏ လယ်ယာမြေဧက ၁၅၀ ခန့်ရှိ လယ်ယာမြေများအတွက် လယ်တစ်ဧကလျှင် ကျပ် ၁၂ သိန်း၊ ယာတစ်ဧကလျှင် ကျပ် ၆ သိန်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

ယင်းသို့ လျော်ကြေးပေးနိုင်ရန် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့က ကျေးရွာများ၌ စာရင်းကောက်ယူခဲ့သည်။ 

“ကနီမြို့နယ်ထဲမှာတော့ လျော်ကြေးပေးတာ ဒါပထမဦးဆုံးပါပဲ။ မနှစ်ကပေးဖို့အတွက် စာရင်းကောက်တာ မရတာ။ ဒီနှစ်မှရတာ”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောဆိုသည်။ 

မုံရွာ-ကနီ-မင်းကင်း-မြို့မလမ်းသည် ၁၁၁ မိုင် တစ်ဖာလုံရှည်လျားပြီး ကနီမြို့နှင့် မင်းကင်းမြို့အကြားလမ်းသည် ၆၃ မိုင် သုံးဖာလုံ ရှည်လျားကာ ပြည်ထောင်စုအစိုးရအဖွဲ့က စီမံခန့်ခွဲသည့် လမ်းဖြစ်သည်။

ယင်းလမ်းကို ၂၀၁၀ ပြည့်နှစ်က စတင်ဖောက်လုပ်ခဲ့ပြီး ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် စီမံကိန်း စတင်ခဲ့၍ လမ်းအကျယ်မှာ ပေ ၁၅၀ ခန့်ရှိကာ ယခုအချိန်အထိ လမ်းအရှည် လေးမိုင်ခန့်သာ ကတ္တရာခင်းနိုင်သေးသည်။  

ကနီ-မင်းကင်းအကြားလမ်းပိုင်းသည် ပုထိုးလုံးချောင်း ပေ ၁၀၀၀ တံတား၊ နနွင်းတောချောင်း ပေ ၈၀၀ တံတားနှင့် ပေ ၁၈၀ အောက် တံတားအစင်း ၂၀၀ ခန့် အပါအဝင် ရေကျော်တံတား ၁၀ စင်း တည်ဆောက်ရန် လိုအပ်မည်ဖြစ်ပြီး မြေသားလမ်းလျှော စောက်နှိမ့်ချရန် ကျန်ရှိနေပြီး ကနီ-မင်းကင်းကားလမ်းသည် ချောင်းမြောင်းများ ပေါသည့်အတွက် မိုးတွင်းအချိန်တွင် သွားလာ၍မရဘဲ ပွင့်လင်းရာသီတွင် သွားလာ၍ရရန် တစ်ကြောင်းထိုးလမ်းအဖြစ် နှစ်စဉ်ဆောင်ရွက်နေသည့် လမ်းပိုင်းတစ်ခုဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

“ပြည်သူကိုပေးတဲ့ဟာကတော့ မြန်လေကောင်းလေပေါ့ဗျာ။ ဟိုတုန်းကဆိုရင် လမ်းဖောက်သွားတယ်။ တစ်ပြားမှ လျော်ကြေးရတာမဟုတ်ဘူး။ အခုတော့ တောင်သူနဲ့ ညှိနှိုင်းလျော်ကြေးပေးတယ်ဆိုတော့ စောဒကတက်စရာမရှိပါဘူး” ဟု အထက်ကင်းရွာဒေသခံ ဦးဇော်ဝင်းအောင်က ပြောဆိုသည်။

R-20

  • VIA