News

POST TYPE

NEWS

လိုင်စင်မရှိဘဲ့ ပြည်ပပို့ရန် စည်းရုံးနေသူ အမျိုးသားတစ်ဦးကို ဖမ်းမိ
16-Dec-2017 tagged as လူကုန်ကူး

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ 

ဗိုလ်တထောင်မြို့နယ်၊ ဂမုန်းပွင့်ကုန်တိုက်၊ သုံးလွှာရှိ ရွှေပလ္လင် လက်ဖက်ရည်ဆိုင်တွင် ဒီဇင်ဘာလ ၁၄ ရက် ညနေပိုင်းက လိုင်စင်မရှိပဲ ပြည်သို့ပို့ဆောင်ရန် စည်းရုံးနေသူ အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

သန်လျင်မြို့နယ်၊ လက်ယက်စမ်း ကျေးရွာတွင် နေထိုင်သူ မိုးတိမ်(ခ)လှိုင်မင်းထက်သည် ယင်းနေ့က အမျိုးသားလေးဦး၊ အမျိုးသမီးနှစ်ဦးတို့အား ထိုင်ဝမ်နိုင်ငံနှင့် ဒူဘိုင်းနိုင်ငံသို့ ပို့ဆောင်ရန် စည်းရုံးပြောဆိုနေစဉ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၆)မှ ရဲအုပ်သန်းဇင်နှင့်အဖွဲ့က ဝင်ရောက်ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း၊ ၎င်းကို ဗိုလ်တထောင်မြို့မ ရဲစခန်းမှ ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ပြည်ပပို့ဆောင်ဖို့ လူတွေစည်းရုံးနေတယ် သတင်းရလို့ သွားစစ်ဆေးတာ၊ အမျိုးသားလေးယောက်ကို ထိုင်ဝမ်နိုင်ငံက ဖုန်းထုတ်စက်ရုံကို ပို့ပေးမယ်။ စရိတ်ငြိမ်း တစ်လကို ဒေါ်လာ ၇၀ဝ ရမယ်၊ အကျိုးဆောင်ခအဖြစ် ၃၅ သိန်းပေးရမယ်လို့ စည်းရုံးတာ၊ ကောင်မလေးနှစ်ယောက်ကိုတော့ ဒူဘိုင်းက ပရိဘောဂဆိုင်မှာ အလုပ်ရမယ်၊ တစ်လကို ဆယ်သိန်းနဲ့ အကျိုးဆောင်ခအဖြစ် သိန်း ၂၀ ပေးရမယ်လို့ ပြောဆို စည်းရုံးနေတာပါ။ ပြည်ပအလုပ်အကိုင် လိုင်စင်မရှိလို့ အမှုဖွင့်ခဲ့တာ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ပြောဆို စည်းရုံးခံရသူများမှာ ရမည်းသင်းမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တို့မှ အသက် ၂၉ နှစ်နှင့် အသက် ၃၁ နှစ်ကြားရှိ အမျိုးသားသုံးဦး၊ အသက် ၂၅ နှစ်မှ ၃၅ နှစ်ရှိ အမျိုးသမီးနှစ်ဦးတို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံအတွင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ လူကုန်ကူးမှုပေါင်း ၂၀၉ မှုရှိပြီး လူကုန်ကူးမှု ကျူးလွန်သူ ၆၀၉ ဦး၊ လူကုန်ကူး ခံရသူ ၃၃၄ ဦး ရှိကြောင်း၊ ယင်းလူကုန်ကူးမှုများတွင် ရန်ကုန်တိုင်းဒေသကြီးမှ ၅၄  မှုဖြင့် အများဆုံးဖြစ်ပြီး ဒုတိယ အများဆုံးမှာ ၅၂ ဖြင့် ရှမ်းပြည်နယ်ဖြစ်ကြောင်း၊ တတိယ အများဆုံးမှာ ၂၉ မှုဖြင့် ကချင်ပြည်နယ်ဖြစ်ကြောင်း လူကုန်မှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

J-16