News

POST TYPE

NEWS

မြောက်ကိုရီးယားရုပ်သံက အစောပိုင်း အဏုမြူဗုံးဓာတ်ပုံကို ပြသခဲ့

ပြုံယမ်း၊ ဒီဇင်ဘာ ၁၄

မြောက်ကိုရီးယား လက်နက်ထုတ်လုပ်ရေးညီလာခံအကြောင်း ရုပ်သံပြသမှုများတွင် ပြုံယမ်း၏ ပထမဆုံးအဏုမြူဗုံးကို ကွယ်လွန်သူခေါင်းဆောင် ကင်ဂျုံအီးက စစ်ဆေးနေသည့်ပုံကို ပြသခဲ့ပုံရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ ၁၂ ရက် ညီလာခံအကြောင်း မိနစ် ၃၀ ကြာ ထုတ်လွှင့်ပြသမှုတွင် ခန်းမအတွင်းရှိ နံရံပေါ်မှ ဓာတ်ပုံတစ်ပုံကို မြောက်ကိုရီးယားအရေး အကဲခတ်များက သတိပြုမိခဲ့ခြင်းဖြစ်သည်။

ခေါင်းဆောင်လေးကင်ဂျုံအန်း တက်ရောက်သော လက်နက်ထုတ်လုပ်ရေးညီလာခံကို ရိုက်ကူးပြသသော ရုပ်သံပုံရိပ်များတွင် အဆိုပါဓာတ်ပုံကို စက္ကန့်အနည်းငယ်မျှ တွေ့မြင်ခဲ့ကြရပြီး အနောက်အုပ်စုက ယခင်က တွေ့မြင်ခဲ့ဖူးခြင်းမရှိဟု သိရှိရသည်။

ခပ်လှမ်းလှမ်းမှ မြင်တွေ့ရသော ဓာတ်ပုံကို အဏုမြူဗုံးဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ငြင်းခုံနေကြပြီး လက်ရှိခေါင်းဆောင်လေးကင်က ပထမဆုံး ဟိုက်ဒရိုဂျင်ဗုံးကိုစစ်ဆေးနေသည့် ဓာတ်ပုံနှင့် များစွာဆင်တူမှုရှိသည်ဟု ဆိုသည်။

ညီလာခံခန်းမနံရံပေါ်မှ ဓာတ်ပုံတွင် ကွယ်လွန်သူ ကင်ဂျုံအီးက အကြီးတန်းအရာရှိများ၏အလယ်တွင် လုံးဝန်းသော ကိရိယာတစ်ခုကို စစ်ဆေးကြည့်ရှုနေခြင်းကို တွေ့မြင်ရသည်။ ထိုကဲ့သို့ ကင်ဂျုံအီးက နျူကလီးယားလက်နက် စစ်ဆေးနေပုံကို လူသိရှင်ကြားထုတ်ပြန်ထားသည့်ဓာတ်ပုံ ယခင်ကမရှိခဲ့ပေ။

ထိုအချက်ကို တရုတ်နိုင်ငံမှ Twitter အသုံးပြုသူ xutianran က ပထမဆုံး သတိပြုမိခဲ့ပြီး “ဒါ အဏုမြူဗုံးလား၊ ဒါမှမဟုတ် တစ်ခုခုလား” ဟု မှတ်ချက်ပေးခဲ့ပြီးနောက် အမေရိကန် လက်နက်ကျွမ်းကျင်သူ ဂျက်ဖရီလူးဝစ္စက “တို့အားလုံး စိတ်ဝင်စားနေတဲ့ဓာတ်ပုံပဲ” ဟု ရေးသားခဲ့ပြီး မြောက်ကိုရီးယားအရေး အကဲခတ်များက ဆန်းစစ်အဖြေထုတ်ရန် ကြိုးစားခဲ့ကြခြင်းဖြစ်သည်။

အကယ်၍ ကင်ဂျုံအီး၏ဓာတ်ပုံ အစစ်ဖြစ်မည်ဆိုပါက ပြုံယမ်းက နျူကလီးယားစမ်းသပ်မှုများ စတင်လုပ်ဆောင်ခဲ့သော ၂၀၀၆- ၂၀၀၉ ခုနှစ်များက ဖြစ်နိုင်သည်ဟု ဆိုသည်။

ထိုအချိန်က ပြုံယမ်းသည် နျူကလီးယားဗုံးကို အရွယ်သေးငယ်အောင် ပြုလုပ်နိုင်ခြင်း မရှိသေးသောကြောင့် အဆိုပါ လုံးဝန်းသောအရာသည် ပုံစံတူသာ ဖြစ်နိုင်ခြေရှိသည်။

သို့ရာတွင် ပြုံယမ်းသည် သတင်းရုပ်သံများ၏ နောက်ခံပုံရိပ်များတွင် အံ့အားသင့်စရာ အချက်အလက်များကို မတော်တဆပုံစံဖြင့် ထုတ်ပြန်လေ့ရှိသည်မှာ ယခုပထမဆုံးမဟုတ်ပေ။ ဩဂုတ်လကလည်း ကင်ဂျုံအန်း၏ လက်နက်စက်ရုံခရီးစဉ် သတင်းထုတ်ပြန်မှုတွင် နံရံပေါ်တွင် ကပ်ထားသော ယခင်ကမသိခဲ့သည့် ဒုံးကျည်အမျိုးအစားများ၏ ရုပ်ပုံကားချပ်များကို ရိုက်ကူးပြခဲ့သည်။

ပြုံယမ်းသည် ယခင်ကလက်နက်ထုတ်လုပ်ရေး ညီလာခံများကို အရေးတယူ ဖော်ပြလေ့မရှိသော်လည်း ယခုအခါ ဒုံးကျည်စမ်းသပ်မှုများ ဆက်တိုက်အောင်မြင်မှုကြောင့် နိုင်ငံပိုင်ရုပ်သံတွင် ဂုဏ်ပြုဖော်ပြခဲ့ခြင်းဖြစ်သည်။

ဒုံးကျည်စမ်းသပ်မှုသတင်းများကို ရုပ်သံတွင် ဖတ်ကြားလေ့ရှိသူ အကြီးတန်း သတင်းကြေညာသူ အမျိုးသမီးရီချွန်ဟီးက ကာကွယ်ရေးလက်နက်ပစ္စည်း ညီလာခံသတင်းကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး ညီလာခံသို့ တက်ရောက်လာသော ခေါင်းဆောင် ကင်ဂျုံအန်းက နျူကလီးယားလက်နက်များနှင့် ဒုံးကျည်စီမံကိန်းများကို ဆက်လက်တိုးတက်အောင် လုပ်ဆောင်သွားကြရန် တိုက်တွန်းခဲ့သည်ဟု နိုင်ငံပိုင် KCNA ရုပ်သံသတင်းတွင် ဖော်ပြခဲ့သည်။

F-04