News

POST TYPE

NEWS

အရှေ့ဂျေရုဆလင်ကို ပါလက်စတိုင်းမြို့တော်ဟု OIC တန်ပြန် ကြေညာ
15-Dec-2017


အန်ကာရာ၊ ဒီဇင်ဘာ ၁၄

အရှေ့ဂျေရုဆလင်ဒေသကို ပါလက်စတိုင်းမြို့တော်အဖြစ် ကမ္ဘာ့နိုင်ငံကြီးများက အသိအမှတ်ပြုပါရန် အစ္စလာမ်နိုင်ငံများ အဖွဲ့အစည်း OIC က တိုက်တွန်းလိုက်ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အဘတ်စ်ကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမေရိကန်ပြည်ထောင်စု မပါဝင်နိုင်တော့ဟု သတိပေးလိုက်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုဆလင်ကို အစ္စရေး၏ မြို့တော်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းနှင့် ပတ်သက်၍ အစ္စလာမ္မစ်နိုင်ငံများ အရေးပေါ်ညီလာခံကို တူရကီသမ္မတရီဆက်တေ ရစ်အာဒိုဂန်က ကျင်းပခဲ့သည်။ 

အစ္စရေးနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအပေါ် တိကျသောအရေးယူပိတ်ဆို့မှုများ ပြုလုပ်နိုင်မည့် ဆုံးဖြတ်ချက်တော့ မထွက်တော့ဘဲ အရှေ့ဂျေရုဆလင်ကို ပါလက်စတိုင်းနိုင်ငံ၏ မြို့တော်အဖြစ်  အသိအမှတ်ပြုခဲ့သည်။ 

ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်သည် တရားမဝင်ကြောင်း၊ ငြိမ်းချမ်းရေးဆောင်ရွက်ချက်များအပေါ် ထိခိုက်စေပါကြောင်းနှင့် အစွန်းရောက်အကြမ်းဖက်ဝါဒကို အားပေးရာရောက်နေကြောင်း OIC က ကြေညာခဲ့သည်။

ဂျေရုဆလင်မြို့ကို ခရစ်ယာန်၊ ဂျူးနှင့် မွတ်ဆလင်တို့က မြင့်မြတ်သောနယ်မြေဟု သတ်မှတ်ထားကြပြီး အစ္စရေး၊ ပါလက်စတိုင်းပဋိပက္ခတွင်လည်း အထိအခိုက်မခံသော အရေးကိစ္စတစ်ခုဖြစ်နေသည်။

အစ္စရေးက ဂျေရုဆလင်ကိုပိုင်းခြား ခြင်းမရှိသော ၎င်းတို့မြို့တော်ဟု သတ်မှတ်ထားပြီး ပါလက်စတိုင်းတို့က အရှေ့ဂျေရုဆလင်ကို လိုလားကြသည်။

အရှေ့ဂျေရုဆလင်ကို အစ္စရေးတို့က တိုက်ခိုက် သိမ်းပိုက်ထားခြင်းဖြစ်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုလက်ခံထားသည်။ 

OIC ၏ကြေညာချက်ကို နှစ်သက်လက်ခံခြင်းမရှိပါကြောင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ညာဟုက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ ဂျေရုဆလင်သို့ သံရုံးတည်ဆောက်မည့်အစီအစဉ်ကို ကန့်ကွက်နေချိန်တွင် နေတန်ညာဟုက “ပါလက်စတိုင်းများအနေနှင့် အရှိတရားကိုလက်ခံပြီး အစွန်းရောက်ဝါဒထက် ငြိမ်းချမ်းရေးကို အလေးပေးပါရန်” ပြောကြားခဲ့သည်။

  • VIA