News

POST TYPE

NEWS

Grab ကို Hello Cabs က ယှဉ်ပြိုင်မှုဥပဒေဖြင့် တရားစွဲ
15-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

မိုဘိုင်းလ်ဖုန်း အက်ပလီကေးရှင်း အသုံးပြုပြီး အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသည့် ပြည်တွင်း Hello Cabs ကုမ္ပဏီက ၎င်းနှင့် လုပ်ငန်းတူလုပ်ကိုင်သော စင်ကာပူအခြေစိုက် Grab ကုမ္ပဏီကို ယှဉ်ပြိုင်မှုဥပဒေဖြင့် တရားစွဲဆိုထားကြောင်း Hello Cabs ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ဝင်းက ပြောကြားသည်။

Grab ကုမ္ပဏီက Hello Cabs ကုမ္ပဏီ၏ စီးပွားရေးဆိုင်ရာ အချက်အလက်များ၊ ဈေးကွက်အတွင်း စီစဉ်ဆောင်ရွက်မှုများနှင့် ဗျူဟာသတင်းအချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ရယူသုံးစွဲခြင်းကြောင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ယှဉ်ပြိုင်မှုဥပဒေအရ စီးပွားရေးပြိုင်ဘက်ကို ဈေးကွက်ထဲက ထွက်သွားရအောင် မတရားနည်းလမ်းတွေနဲ့ ယှဉ်ပြိုင်လို့မရဘူး။ သူတို့လုပ်နေတာက ပြည်တွင်းကုမ္ပဏီတွေကို နာလန်မထူနိုင်ဘဲ တစ်ခါတည်းပြုတ်သွားအောင် လုပ်နေတာ” ဟု ၎င်းကပြောဆိုသည်။

စင်ကာပူအခြေစိုက် Grab ကုမ္ပဏီသည် ၂၀၁၆ ခုနှစ်အတွင်းတွင် Hello Cabs ကုမ္ပဏီ၏ လုပ်ငန်းချင်း ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းမှုများကို လက်ခံကာ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီး ကုမ္ပဏီနှစ်ခုကြား ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် အပြန်အလှန် ထုတ်ဖော်ပြောဆိုမှုမပြုရေး စာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ Hello Cabs ကုမ္ပဏီ၏ ဈေးကွက်ဗျူဟာ သတင်းအချက်အလက်များကို Grab ကုမ္ပဏီက ရရှိပြီးနောက်ပိုင်းတွင် အဆက်အသွယ်မပြုလုပ်တော့ဘဲ ၂၀၁၇ ခုနှစ် ဧပြီလတွင် ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဦးအောင်ဝင်းက ရှင်းပြသည်။

ယှဉ်ပြိုင်မှုဥပဒေသည် ပြည်တွင်းလုပ်ငန်းများနှင့် ပြည်ပလုပ်ငန်းများကြား စီးပွားရေးအခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် လုပ်ငန်းတူလုပ်ငန်းများကြား တရားမျှတစွာ ယှဉ်ပြိုင်ပြီး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြဋ္ဌာန်းထားခြင်းဖြစ်ပြီး ယင်းဥပဒေဖြင့် တရားစွဲဆိုမှုများ ယခင်က မရှိသလောက်ဖြစ်ကြောင်း စီးပွားရေးနှင့် ဥပဒေပညာရှင် ဦးတင်သန်းဦးက ပြောကြားသည်။

အဆိုပါဥပဒေကို ၂၀၁၅ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ယှဉ်ပြိုင်မှုဥပဒေပုဒ်မ ၁၉ ၌ မည်သည့်စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူမျှ အခြားစီးပွားရေးလုပ်ငန်းတစ်ခုခု၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေခြင်းနှင့် စပ်လျဉ်း၍ အောက်ပါဆောင်ရွက်မှုတစ်ခုခုကို မပြုလုပ်ရဟု ယင်းဥပဒေ၌ ဖော်ပြထားသည်။

အဆိုပါပုဒ်မအပိုဒ်(ဂ)တွင် စီးပွားရေးလုပ်ငန်း၏ လျှို့ဝှက်ချက်များ၊ ယင်းလျှို့ဝှက်ချက်နှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို ရယူခြင်း၊ စုဆောင်းခြင်း (သို့မဟုတ်) ဖော်ထုတ်ခြင်းပြုရာတွင် ယင်းလျှို့ဝှက်ချက်များကို ထိန်းသိမ်းရန် တာဝန်ရှိသူ၏ ယုံကြည်မှုရစေရန် သွေးဆောင်ဖြားယောင်းခြင်း (သို့မဟုတ်) ယုံကြည်မှုအပေါ် အခွင့်အရေးယူခြင်းများပါဝင်ပြီး ယင်းတားမြစ်ချက်များကို ကျူးလွန်ပါက ၂ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းတစ်ရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးချမှတ်မည်ဟု ယင်းဥပဒေတွင် ဖော်ပြထားသည်။

ယင်းကိစ္စသည် သက်သေအထာက်အထားခိုင်လုံမှုမရှိဘဲ တရားစွဲဆိုထားခြင်းဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ Grab အနေနှင့် နိုင်ငံတစ်နိုင်ငံ၏ ဈေးကွက်အခြေအနေအရ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိခြင်းကြောင့် ဈေးကွက်ယှဉ်ပြိုင်မှုဥပဒေနှင့် ငြိစွန်းမှုမရှိနိုင်ကြောင်း Grab မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် မိုဘိုင်းလ်အက်ပလီကေးရှင်းသုံး အငှားယာဉ်ဝန်ဆောင်မှုကို ပြည်တွင်းကုမ္ပဏီနှစ်ခုဖြစ်သော Hello Cabs ၊ OwayRide နှင့် နိုင်ငံခြားကုမ္ပဏီ နှစ်ခုဖြစ်သော Grab နှင့် Uber တို့က လုပ်ငန်းလုပ်ကိုင်လျက်ရှိသည်။

J-01

  • VIA