News

POST TYPE

NEWS

မန္တလေးဆေးရုံတွင် သွေးလိုအပ်ချက်မြင့်တက်
15-Dec-2017

မန္တလေး၊ ဒီဇင်ဘာ ၁၄

မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသမှ ပြည်သူများ အဓိကအားထားနေရသော မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ သွေးလှူဒါန်းမှု နှစ်စဉ်တိုးတက်သော်လည်း သွေးလိုအပ်ချက် မြင့်မားလာမှုကြောင့် သွေးသွင်းကုသရမည့် လူနာများကို ရာနှုန်းပြည့် ထောက်ပံ့ပေးနိုင်ခြင်း မရှိသေးကြောင်း အမျိုးသားသွေးလှူဘဏ် (ဆေးရုံကြီး)ထံမှ သိရသည်။ 

“သွေးလှူဒါန်းမှုကို လက်ခံထားတာက ဒီနှစ်မှာဆိုရင် နှစ်မကုန်ခင်မှာပဲ မနှစ်ကထက် ၁၃ ရာခိုင်နှုန်းလောက်အထိ ပိုမိုရရှိထားပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဆေးရုံကြီးကို လာရောက်ပြီး ဆေးကုသမှု ခံယူတဲ့လူနာတွေက မြန်မာပြည် အထက်ပိုင်းအနှံ့က လူနာတွေလာကြတယ်။ ပြီးတော့ သွေးလိုအပ်မှုကလည်း မနှစ်ကထက် ၂၀ ရာခိုင်နှုန်း ပိုများလာတာကို တွေ့ရတယ်။ ဒါကြောင့် သွေးလှူတဲ့လူ ပိုများလာပေမယ့် သွေးကတော့ အပြည့်မပေးနိုင်သေးပါဘူး” ဟု အမျိုးသားသွေးလှူဘဏ်(မန္တလေး) ရောဂါဗေဒ အထူးကုဆရာဝန်ကြီး ဒေါက်တာခင်မြမွန်က ပြောကြားသည်။ 

မန္တလေးဆေးရုံကြီးအနေနှင့် ယခင်က ပြုလုပ်နိုင်ခြင်းမရှိသည့် အသည်းခွဲစိတ်မှုများ ပြုလုပ်လာနိုင်ခြင်း၊ နှလုံးအစားထိုး ခွဲစိတ်မှုများပြုလုပ်ခြင်း၊ ယာဉ်မတော်တဆမှုများကြောင့် ဆေးရုံသို့ အရေးပေါ်လူနာရောက်ရှိမှု ပိုမိုများပြားလာခြင်းတို့ကြောင့် သွေးလိုအပ်မှုမှာ ပိုမိုများပြားလာနေခြင်းဖြစ်ကြောင်း ဒေါက်တာခင်မြမွန်က ရှင်းပြသည်။

မန္တလေးဆေးရုံကြီးတွင် နှစ်စဉ် သွေးယူနစ်ပေါင်း ငါးသောင်းကျော်ကို အသုံးပြုနေရပြီး သွေးလှူဘဏ်သို့ လာရောက်သွေးလှူဒါန်းမှုမှာ ၂၀၁၆ ခုနှစ်တွင် ၃၇,၇၇၅ ယူနစ်၊ ၂၀၁၇ ခုနှစ် လက်ရှိအချိန်အထိ ၃၉,၃၈၁ ယူနစ်ကို လက်ခံရရှိထားသည့်အတွက် သွေးလိုအပ်မှုအတွက် ၂၀၁၇ ခုနှစ်တွင် ၈၅ ရာခိုင်နှုန်း ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သွေးလှူဘဏ်၏ စာရင်းများအရ သိရသည်။

“သွေးလိုအပ်ချက်ကရှိနေတော့ သွေးလိုတဲ့လူနာတွေကို သွေးထောက်ပံ့တဲ့နေရာမှာ အရေးကြီးတဲ့လူနာကို ပိုဦးစားပေးရတယ်။ အရေးပေါ်လူနာဌာနက လူနာတွေ၊ ခွဲစိတ်ခန်းထဲမှာ ခွဲစိတ်ရင်း အရေးပေါ်သွေးလိုမှု ဖြစ်လာတဲ့လူနာတွေကို ဦးစားပေးတဲ့စနစ်မျိုးနှင့် ပေးရပါတယ်” ဟု ဒေါက်တာခင်မြမွန်က ရှင်းပြသည်။

မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပုံမှန်လေးလတစ်ကြိမ် သွေးလှူနေသည့် ပုဂ္ဂိုလ်များရှိသလို၊ သွေးလှူရှင်အသင်း သုံးဆယ်ခန့်မှလည်း ပုံမှန်သွေးလှူမှုများရှိနေပြီး သွေးလှူဘဏ်အနေနှင့်လည်း သွေးလိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန်အတွက် အခြားမြို့များမှ သွေးလှူဒါန်းလိုသူများထံသို့ သွားရောက်ကာ သွေးလှူမှုကို လက်ခံနေရသည်များလည်း ရှိသည်။

“ကျွန်တော်တို့အသင်းအနေနဲ့ကတော့ လူတစ်ရာ့ငါးဆယ်လောက်နှင့် ပုံမှန်သွေးလှူတာ နှစ်ကြိမ်လောက်လုပ်ပါတယ်။ လူနာရှင်က သွေးလိုတယ်ဆိုပြီး ဆက်သွယ်လာလို့ သွားလှူရတာမျိုးလည်း ရှိတယ်။ တစ်နှစ်လုံးအားလုံးပေါင်းဆိုရင် သွေးအလုံးပေါင်း တစ်ထောင်ကျော်လောက် လှူနိုင်တယ်” ဟု မဟာအောင်မြေမြို့နယ် မုန့်တီစုလူငယ် သွေးလှူရှင်အသင်းမှ ဦးထွန်းထွန်းက ပြောကြားသည်။

M-04

  • VIA