News

POST TYPE

NEWS

တောင်ကြီးနှင့် ညောင်ရွှေမြို့များရှိ ဧရာဝတီဘဏ် ATM စက်များမှ ငွေကျပ် သိန်း ၅၄၀ ကျော်ခိုးထုတ်သူ ဖမ်းမိ
15-Dec-2017

တောင်ငူ၊ ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ် Royal တောင်ကြီးဟိုတယ်နှင့် စူဌာမုနိဘုရားရင်ပြင်ရှိ ATM စက်အပါအဝင် ညောင်ရွှေမြို့ အမေးဇင်းဟိုတယ်ရှိ ATM စက်တို့မှ ငွေကျပ်သိန်း ၅၄၀ ကျော်ကို ခိုးယူခဲ့သည့် ဘဏ်ဝန်ထမ်းဟောင်း အမျိုးသားကို ဒီဇင်ဘာ ၁၄ ရက်နေ့ ည ၆ နာရီခန့်က ခိုးရာပါ ငွေကြေးနှင့် ဝယ်ယူထားခဲ့သည့် ကားတစ်စင်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု တောင်ကြီး မြို့မရဲစခန်းမှ စုံစမ်း သိရှိရသည်။

“ခိုးယူခံရတဲ့စက်တွေကို စစ်ဆေးပြီး ကြည့်ရှု့ချိန် ဘဏ်ဝန်ထမ်းဟောင်းက လုပ်တယ်ဆိုတာသိလို့ ဒီဇင်ဘာလ ၁၄ ရက်နေ့က အမှုဖွင့်လှစ်ခဲ့တဲ့အတွက် ညနေ ၆ နာရီလောက်မှာ ခိုးယူခဲ့တဲ့ငွေတွေအနက် သိန်း ၃၅၀ ကျော်နဲ့ ကားတစ်စီးကို ပြန်လည် ဖမ်းဆီးရမိခဲ့ပါတယ်”ဟု တောင်ကြီး မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးဦးက ပြောကြားသည်။

တောင်ကြီးမြို့ ဈေးပိုင်းရပ်ကွက် ဧရာဝတီဘဏ် (ခွဲ) အမှတ် ၁ တာဝန်ရှိသူများထံ ဒီဇင်ဘာလ ၁၂ ရက်နေ့က ရိုင်ရယ်တောင်ကြီး ဟိုတယ်ရှိ ATM စက်တစ်ခု ချို့ယွင်းနေကြောင်း အကြောင်းကြား အသိပေးခဲ့ခြင်းကြောင့် အဆိုပါနေ့ ညနေ ၅ နာရီခန့်တွင် ဘဏ်ကို ယူဆောင်စစ်ဆေးရာမှ ငွေကျပ်၂၂၃ သိန်းကျော် ပျောက်ဆုံးနေသည်ကို သိရှိခဲ့ရကြောင်း၊ ဆက်လက်ပြီး တောင်ကြီးမြို့ စူဌာမုနိဘုရား ATM Terminal -3 စက်ကို စစ်ဆေးခဲ့ရာတွင် ငွေကျပ် ၁၁၇ သိန်းကျော် ထပ်မံပြီး ပျောက်ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရခဲ့ရသဖြင့်စက်တွင် တပ်ဆင်ထားသော CCTV ကင်မရာကိုစစ်ဆေးရာမှ ဘဏ်ဝန်ထမ်းဟောင်း အသက်၂၆ နှစ်အရွယ် ဦးသီဟနိုင်ဖြစ်နေသည်ကို သိရှိခဲ့ရသဖြင့် တောင်ကြီးမြို့မရဲစခန်းသို့သွားရောက်အမှုဖွင့်လှစ် တိုင်ကြားရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ညောင်ရွှေမြို့ Amazin Hotel. ATM Terminal4 မှ ငွေကျပ် ၁၈၉ သိန်းကျော် အပါအဝင် ငွေကျပ် ၅၄၀ သိန်း ကျော်ကို ခိုးယူခဲ့ကြောင်း စစ်ဆေးသိရှိခဲ့ရသည်ဟု တောင်ကြီး မြို့မရဲစခန်းမှ စုံစမ်းသိရှိသည်။

၎င်းမှာ တောင်ကြီးမြို့ ဧရာဝတီဘဏ်တစ်ခုမှ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး ယခုနှစ် ၅ လပိုင်းက အလုပ်မှ ထွက်သွားခဲ့သူတစ်ဦးဖြစ်ပြီး ပြစ်မှုကျူးလွန်သည်ကို တစ်ဦးတည်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ စုံစမ်း သိရှိရသည်။

အမှုနှင့်ပတ်သက်ပြီး သီဟနိုင်ကို တောင်ကြီး မြို့မရဲစခန်းမှ(ပ)၁၀၃၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် ဖမ်းဆီး အမှုဖွင့်လှစ် ဆောင်ရွက်နေသည်ဟု အဆိုပါ ရဲစခန်းမှ စုံစမ်းသိရှိရသည်။

R-15


  • VIA