News

POST TYPE

NEWS

ပြည်တွင်းဖြစ်စောင်နှင့် ပုဆိုးဈေးကွက် ပျောက်ကွယ်မည်ဟု စီမံ/ဘဏ္ဍာဝန်ကြီးဆို
15-Dec-2017 tagged as


ရန်ကုန် ဒီဇင်ဘာ ၁၅

နိုင်ငံတကာမှ စောင်နှင့် ပုဆိုးများ ပြည်တွင်း ဈေးကွက်သို့ ထိုးဖောက် ဝင်ရောက်လာသောကြောင့် ပြည်တွင်းမှ စောင်နှင့် ပုဆိုးဈေးကွက်များ ပျောက်ကွယ်လိမ့်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

ယခင်က မွန်ပြည်နယ် မုဒုံနှင့် မုံရွာမြို့နယ်တို့မှ ကော်တွန်စစ်စစ်ဖြင့် ရက်လုပ်ထားသည့်စောင်များ ထွက်ရှိခဲ့သော်လည်း လက်ရှိတွင် ပြည်ပ ဈေးကွက်များကို မယှဉ်ပြိုင်နိုင်သောကြောင့် လုပ်ငန်းများ ဆက်လက် လည်ပတ်ရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

“အရင်က မုဒုံစောင်တို့ မုံရွာစောင်တို့ကို ၁၀၀ ရာခိုင်နှုန်းပြည့် ကော်တွန်နဲ့ ရက်ထားတဲ့စောင်တွေ အထည်တွေ ထွက်တယ်။ အခု တရုတ်က ထွက်တဲ့စောင်တွေ ဈေးကွက်ထဲ ရောက်နေပြီ။  ပြည်တွင်းကသူတွေက ဈေးကွက်လည်း ပျောက်နေပြီ။ နောက်လည်း ထပ်ဖြစ်ဦးမှာ”ဟု ဦးကျော်ဝင်းက ပြောဆိုသည်။

ဒီဇင်ဘာ ၁၅ ရက်နေ့က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင်ပြုလုပ်သည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ၂၀၁၇ ခုနှစ် နှစ်ပတ်လည် အထွေထွေ အစည်းအဝေး အထွေထွေ ညီလာခံနှင့် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင်လည်း တရုတ်နိုင်ငံမှစောင်အပြင် ပုဆိုးများ ပါဝင်ရောက်လျက်ရှိပြီး ပြည်တွင်းမှ ရက်ကန်းစင်များအနေဖြင့် ယှဉ်ပြိုင်ရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကာ နောင်တွင် ပြည်တွင်းထုတ် နာမည်ကြီး ပုဆိုးအမှတ်တံဆိပ် တစ်ခုဖြစ်သည့် ဦးဂျမ်း ပုဆိုးပင် ပျောက်ကွယ်သွားမည်ကို စိုးရိမ်ကြောင်း ၎င်းကဆိုသည်။

“ပြည်တွင်းက ရက်ကန်းစင်တွေ သူတို့ကိုယှဉ်ဖို့ အခက်အခဲဖြစ်နေပြီ။ ဒါ ဒီကနေ့ ရင်ဆိုင်နေရတာ ပုံပြင်မဟုတ်ဘူး။ နောင်ကို ဦးဂျမ်းတောင် ပျောက်သွားမလား မသိဘူး။ ရက်ကန်းတွေရဲ့ ဈေးကွက်ကို ထူထောင်ပေးရမယ်။ သူတို့ရဲ့ ဈေးကွက်တွေ ခိုင်မာအောင် သွင်းကုန်တွေကို ဘယ်လို ကန့်သတ်ရမလဲ တားဆီးရမလဲဆိုတာ ဝိုင်းစဉ်းစားရမှာ”ဟု စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းက ဆက်လက် ပြောဆိုသည်။

  • VIA
  • TAGS