News

POST TYPE

NEWS

မွန်တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၁၉ ဦး ရွေးချယ် ပြီးပြီ
15-Dec-2017

မော်လမြိုင်၊ ဒီဇင်ဘာ ၁၄

မွန်ပြည်နယ်တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ပြန်လည် ရွေးချယ်လျက်ရှိရာ ဒီဇင်ဘာ ၁၄ ရက်နေ့ထိ ရပ်/အုပ်ချုပ်ရေးမှူး ၁၉ ဦး ရွေးချယ်ထားပြီးဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ပြည်နယ်အတွင်းရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၄၇၀ ဦးကို တတိယအကြိမ် ပြင်ဆင်ထားသည့် ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေနှင့်အညီ ဒီဇင်ဘာလ ပထမအပတ်က စတင်ရွေးချယ်ခဲ့ပြီး  ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အပြီး ရွေးချယ်သွားဖြစ်ကြောင်း သိရသည်။

ရွေးချယ်ပြီးစီးမည့် အချိန်ကို ကနဦးက ဒီဇင်ဘာလကုန်ဟု လျာထားသော်လည်း အချိန်မလောက်ငသည့်အတွက် တစ်လ ထပ်တိုးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျန်တာတော့ ရွေးချယ်ဆောင်ရွက်ဆဲပဲ၊ တချို့ကတော့ ကြီးကြပ်ရေးအဖွဲ့ ရွေးနေတယ်၊ တချို့က အဲ့ကြီးကြပ်ရေးအဖွဲ့တွေကို သင်တန်းပေးတယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

လက်ရှိအချိန်ထိ ပြဿနာ တစ်စုံတစ်ရာ မပေါ်သေးဟု ၎င်းကဆိုသည်။

လက်ရှိ သမ္မတသက်တမ်းတွင် ဥပဒေနှင့်အညီ ရွေးချယ်ထားသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကိုမူ ပြန်လည် ရွေးချယ်သွားမည် မဟုတ်ဟု သိရသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေတွင် အုပ်ချုပ်ရေးများ၏ သက်တမ်းသည် သမ္မတသက်တမ်းအတိုင်း ဖြစ်ရမည် ဖြစ်သည်။

Dawei Watch

  • VIA