News

POST TYPE

NEWS

တစ်နိုင်ငံလုံးရှိ ကုမ္ပဏီအားလုံး ပြန်လည် မှတ်ပုံတင်ရမည်
ရန်ကုန်၊ ဒီဇင်ဘာ ၁၄

မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ပြည်တွင်း ပြည်ပ ကုမ္ပဏီအားလုံးသည် ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ ခြောက်လအတွင်း အွန်လိုင်းစနစ်ဖြင့် ပြန်လည် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

e-Government စနစ်သို့​ ပြောင်းလဲမည်ဖြစ်၍ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစတင်ကာ အွန်လိုင်းစနစ်ဖြင့်သာ ကုမ္ပဏီ မှတ်ပုံတင်ရမည်ဖြစ်ရာ ရှိနှင့်ပြီးသား ကုမ္ပဏီပေါင်း ခြောက်သောင်းနီးပါးသည်လည်း ပြန်လည် မှတ်ပုံတင်ရခြင်းဖြစ်ကြောင်း ယင်းဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ရှင်းလင်း ပြောကြားသည်။

လက်ရှိမှတ်ပုံတင်မည့် ကုမ္ပဏီအသစ်များကိုမူ ပုံမှန် စာရွက်စာတမ်းများဖြင့် မှတ်ပုံတင်ခွင့်ပြုထားကြာင်း ၎င်းကဆိုသည်။

“ပြန်ပြီး မှတ်ပုံတင်ရတယ်ဆိုတာ ဘာမှ ခက်ခက်ခဲခဲ လုပ်စရာမလိုဘူး။ မေးခွန်း ကွက်လပ်လေးတွေကို ပြန်ဖြည့်ပေးရုံပဲ။ စာရင်းအဟောင်းတွေကို အွန်လိုင်းက Data Base ထဲရောက်ဖို့ ပြန်လုပ်တာပါ”ဟု ၎င်းကရှင်းပြသည်။

အွန်လိုင်း မှတ်ပုံတင်သည့်အခါ ယခင်ကကဲ့သို့ ကုမ္ပဏီအားလုံးကို တစ်စုတစ်စည်းတည်း မှတ်ပုံတင်ပေးမည်မဟုတ်ဘဲ အသေးစား၊ အလတ်စားနှင့် အကြီးစားဟူ၍ သတ်မှတ်သွားမည်ဖြစ်ကြောင်း၊ လုပ်သားဦးရေ ၃၀ ထက်နည်းပြီး ကုမ္ပဏီမတည်ငွေ ကျပ်သိန်း ၅၀ အောက် နည်းပါးသည့် ကုမ္ပဏီများကို အသေးစား ကုမ္ပဏီများအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ကျန်ကုမ္ပဏီများကိုလည်း လုပ်သားနှင့် မတည်ငွေကို စစ်ဆေးပြီး အလတ်စား၊ အကြီးစားဟူ၍ သတ်မှတ်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ယင်းကဲ့သို့ အသေးစားနှင့် အလတ်စား ခွဲခြားရခြင်းမှာ ကုမ္ပဏီ အသေးများက တစ်နှစ်တစ်ခါ စာရင်းစစ် ဝင်စစ်ခြင်းကို မခံရမည့်အပြင် အခြားသော ခံစားခွင့်များလည်း ပေးထားခြင်းကြောင့်ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များထံမှ သိရသည်။

“ဒီလိုမျိုး အွန်လိုင်းကနေ မှတ်ပုံပြန်တင်ရတယ်ဆိုတာ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အရင်က မှတ်ပုံတင်တွေက ငါးနှစ်တစ်ခါ သက်တမ်းတိုးရတယ်။ အခုဆို သက်တမ်းတိုးစရာ မလိုတော့ဘူး။ တစ်ခုခုပြောင်းချင်တယ်ဆိုလည်း အွန်လိုင်းစနစ်ဆိုတော့ လုပ်ရတာ ပိုလွယ်တယ်”ဟု ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

အွန်လိုင်းစနစ် စတင်သော်လည်း ရိုးရိုးစနစ်ဖြင့် မှတ်ပုံတင်ချင်သည်ဆိုပါက တင်ခွင့်ပြု၍ ယင်းသို့ ရိုးရိုးပုံစံဖြင့် မှတ်ပုံတင်သူများကို မှတ်ပုံတင်ကြေး ပိုကောက်ရန် စဉ်းစားထားကြောင်း၊ လက်ရှိတွင် ကုမ္ပဏီ မှတ်ပုံတင်ကြေးသည် ကျပ်ငါးသိန်းဝန်းကျင် ကောက်ခံကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

J-13