News

POST TYPE

NEWS

သိန်း ၄၀ တန် စိန်လက်ကောက် ကောက်ရသူ လုံခြုံရေးဝန်ထမ်း ပိုင်ရှင်ထံ ပြန်အပ်
14-Dec-2017


ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ဒဂုံမြို့နယ် ပြည်လမ်းမပေါ်ရှိ တော်ဝင်စင်တာတွင် ကျပ်သိန်း လေးဆယ်ခန့်တန်ဖိုးရှိ စိန်လက်ကောက်ကို ကောက်ရသူ လုံခြုံရေးဝန်ထမ်း ဒေါ်အေးအေးထွေးသည် ကောက်ရသည့် လက်ကောက်ကို ပိုင်ရှင်ထံ ပြန်အပ်နှံခဲ့ကြောင်း တော်ဝင်ကုမ္ပဏီ မိသားစုထံမှ သိရသည်။ 

“ဝန်ထမ်းကောင်မလေးက ကားပါကင်မှာ ကောက်ရတာကို မန်နေဂျာကတစ်ဆင့် စီမံခန့်ခွဲမှု ကော်မတီရုံးကို ပြန်လာအပ်တဲ့အချိန်နဲ့ ပစ္စည်းပိုင်ရှင်က ကားပါကင်မှာ ပျောက်သွားလို့ လိုက်ရှာတာနဲ့ တစ်ခါတည်း ကြုံသွားတာနဲ့ ပြန်အပ်လိုက်တာပါ”ဟု တော်ဝင်ကုမ္ပဏီမိသားစုမှ တာဝန်ရှိသူ ဦးအောင်မြင်ထွန်းက ဆိုသည်။

တော်ဝင်စင်တာတွင် လုံခြုံရေးတာဝန်ဖြင့် အလုပ်လုပ်နေသော ဒေါ်အေးအေးထွေးသည် ဒီဇင်ဘာလ ၁၂ ရက်က တော်ဝင်စင်တာ မြေအောက်ကားပါကင် အထပ်၂ တွင် စိန်လက်ကောက်ကို ကောက်ရခဲ့၍ လုံခြုံရေးရုံးခန်းသို့ လာရောက်အပ်နှံခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါစိန်လက်ကောက်ကို ပိုင်ရှင်များက ပြန်လည်ရှာဖွေစဉ် ဆက်သွယ်ကာ စိန်လက်ကောက်ပိုင်ဆိုင်မှု အထောက်အထားများအား စစ်ဆေး၍ ပိုင်ရှင်ထံ ပြန်လည် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း တော်ဝင်ကုမ္ပဏီမိသားစုထံမှ သိရသည်။

အဆိုပါ လုံခြုံရေး ဝန်ထမ်းကို ပိုင်ရှင်များက ကျပ်တစ်သိန်းနှင့် တော်ဝင်စင်တာမှ ကျပ်တစ်သိန်း ပေါင်းနှစ်သိန်း ချီးမြှင့်ခဲ့ကြောင်း၊ ယခင်ကလည်း တော်ဝင်စင်တာတွင် ပိုက်ဆံအိတ်များ၊ လက်ကိုင်ဖုန်းများနှင့် လက်ဝတ်ရတနာများကိုလည်း အိမ်သာများ၊ အမှိုက်ပုံးနှင့် ထိုင်ခုံများတွင် ကောက်ရခဲ့၍ ပိုင်ရှင်များထံ ပြန်လည် အပ်နှံခဲ့ကြောင်း တော်ဝင်စင်တာ အုပ်ချုပ်ရေးမှူး ဦးအုပ်စိုးမောင်ထံက သိရသည်။

J-14

  • VIA