News

POST TYPE

NEWS

အစိုးရက ရန်ကုန် စက်မှုဇုန်မြေများကို ငှားမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ပြည်ပရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန်အတွက် ရန်ကုန်တိုင်းရှိ မြို့နယ် ၁၁ မြို့နယ်တွင် အကောင်အထည်ဖော်မည့် စက်မှုဇုန်များရှိ မြေများကို သင့်တော်သည့်နှုန်းဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း မှော်ဘီမဲဆန္ဒနယ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းက ပြောကြားသည်။

ဒီဇင်ဘာလ ၂ ရက်က ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ ခန်းမ (၃) တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန်တောင်းပိုင်ခရိုင်နှင့် မြောက်ပိုင်းခရိုင်ရှိ မြို့နယ် ၁၁ ခုတွင် စက်မှုဇုန်များ အကောင်အထည်ဖော်နိုင်ရေး မြေနေရာ ရွေးချယ်ပွဲ အစည်းအဝေးတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ယင်းသို့ ငှားရမ်းရာတွင် ရန်ကုန်တိုင်းတောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင်ရှိ မြို့နယ် ၁၁ ခုတွင် စက်မှုဇုန် အကောင်အထည် ဖော်မည့်မြေများကို နှစ်ချုပ်ဖြင့် ငှားရမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

“အရင်ကဆို စက်မှုဇုန် မြေငှားရမ်းခတွေကို ပြည်ထောင်စုအစိုးရက ကိုင်ထားပြီးမှ ဒေသဖွံ့ဖြိုးရေးအတွက် ပြန်ခွဲပေးတယ်။ အခုဆို မြေငှားရမ်းခကို တိုင်းအစိုးရက ကိုင်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အသုံးချသွားမှာပါ”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် သုံးခွမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက “မနက်ဖြန် ပဉ္စမအကြိမ် လွှတ်တော်ပြီးတာနဲ့ နောက်နေ့ကို  စက်မှုဇုန် အကောင်အထည်ဖော်မယ့် မြေနေရာတွေကို သွားလေ့လာပါမယ်။ ဝန်ကြီးချုပ်က မြေငှားရမ်းခကို သင့်တော်တဲ့နှုန်းနဲ့ ငှားမယ်လို့ပြောတယ်။ အခမဲ့တော့ မရပါဘူး။ အများဆုံး နှစ် ၅၀ သက်တမ်းပေါ့။ ဈေးနှုန်းက ခုထိ မသတ်မှတ်ရသေးဘူး”ဟုဆိုသည်။

အချို့သော မြေနေရာများရှိ မြေကွက်များကို ပိုင်ရှင်ထံမှ ပြန်လည် ငှားရမ်း၍ စက်မှုဇုန် အကောင်အထည်ဖော်မည့် ကုမ္ပဏီများသို့ အပ်နှံပြီး မြေကွက် ပြန်ဖော်မည်ဖြစ်ကြောင်း၊ စက်မှုဇုန် အကောင်အထည်ဖော်မည့် မြို့နယ်များတွင် တစ်မြို့နယ်လျှင် ဧကတစ်ထောင်ခန့်ကို အသုံးပြုမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

သုံးခွမြို့နယ်အတွင်းရှိ ကားလမ်းမဘေးရှိ မြေတစ်ဧကလျှင် လက်ရှိ ကျပ်သိန်း ၁၀ဝ နှင့် ၁၅၀ ခန့်ရှိကြောင်း၊ အစိုးရက စက်မှုဇုန် အကောင်အထည်ဖော်မှု စီမံချက် ဖော်ဆောင်သည့်မြေနေရာ A အဆင့်ကို တစ်ဧက သိန်း ၆၀၊ B နှင့် C အဆင့်ရှိသည့် မြေတစ်ဧကကို သိန်း ၄၀၊ D အဆင့်ရှိသည့် မြေတစ်ဧကကို သိန်း ၂၀ နှုန်း အစိုးရက သတ်မှတ်ထားကြောင်း ၎င်းကပြောကြားသည်။

စက်မှုဇုန် အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်ရှိ ခရမ်း၊ သုံးခွ၊ ကျောက်တန်း၊ သန်လျင်၊ ကွမ်းခြံကုန်း၊ တိုက်ကြီး မြို့နယ်များနှင့် မြောက်ပိုင်းခရိုင်ရှိ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ထန်းတပင်မြို့နယ်တို့ကို ရွေးချယ်ထားသည်။

ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်အရ လုပ်ငန်းများ အားလုံးကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က တိုက်ရိုက် မကိုင်တွယ်ဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်များကို အမေရိကန်ဒေါ်လာ ငါးသန်းအောက် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများအား ခွင့်ပြုမိန့်ပေးနိုင်ရန် ထည့်သွင်း ရေးဆွဲထားပြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီများဖွဲ့၍ ခွင့်ပြုမိန့် ထုတ်ပေးလျက် ရှိသည်။

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ခွင့်ပြုပေးနိုင်ရန် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှစ၍ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံမှု ကော်မတီများ ဖွဲ့စည်းခဲ့ပြီး အောက်တိုဘာလမှစတင်ကာ လုပ်ငန်းများကို ခွင့်ပြုမိန့်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

J-18