News

POST TYPE

NEWS

ရန်ကုန်တွင် မြေအောက် လူကူးလမ်း တည်ဆောက်ရန် တင်ဒါခေါ်
14-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

တိုင်းအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်လမ်းနှင့် ဦးဝိစာရလမ်းတို့တွင် ပေ ၁၀ဝ ကျော် အရှည်ရှိ ပထမဆုံး မြေအောက် လူကူးလမ်း သုံးလမ်း (Underpass)တည်ဆောက်ရန် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများအနေနှင့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်အပြီး တင်ဒါလျှောက်လွှာ တင်ပြရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာ(လမ်းနှင့်တံတား)ထံမှ သိရသည်။

စည်ပင်သာယာ နယ်နိမိတ်ရှိ ဗဟန်းမြို့နယ် ရွှေတိဂုံဘုရားလမ်း အနောက်ဘက်မုခ်အနီး ပြည်လမ်း၊ ကမာရွတ်မြို့နယ် ပညာရေး တက္ကသိုလ်အရှေ့၊ မရမ်းကုန်းမြို့နယ် ရှစ်မိုင်ခုံးကျော် တံတားအဆင်းအနီး ပြည်လမ်းတို့တွင် မြေအောက်လူကူးလမ်းများ တည်ဆောက်မည်ဖြစ်သည်။

တည်ဆောက်ရေး လုပ်ငန်းအတွက် ပြည်တွင်း ကုမ္ပဏီများအနေနှင့် ဒီဇင်ဘာလ ၈ ရက်က စတင် တင်ဒါခေါ်ယူပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်၊ မွန်းလွဲ ၃ နာရီတွင် တင်ဒါ ဖွင့်စစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ၊ တင်ဒါစိစစ်ရွေးချယ်ရေး အဖွဲ့ထံမှ သိရသည်။

“တိုင်းအစိုးရရဲ့ ဘတ်ဂျက်နဲ့သုံးမှာပါ။ ဘတ်ဂျက် လျာထားချက်တော့ အတိအကျ မသိသေးဘူး။ အခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အပြီး တည်ဆောက်မှာ ဖြစ်တယ်”ဟု မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒ နယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်က ဆိုသည်။

မြေအောက်လူကူးလမ်းကို ဆောင်ရွက်ခြင်းမှာ လမ်းဖြတ်ကူးသူ ပေါ့ဆမှုနှင့် ယာဉ်မောင်း မဆင်မခြင်း မောင်းနှင်ခြင်းကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်မှု လျော့ကျစေရန်၊ မြေနေရာ ချွေတာရန်၊ မြို့ပြအင်္ဂါရပ် အနှောင့်အယှက် မဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး ဖြတ်သန်းသွားလာသော ပြည်သူများ ဘေးကင်း လုံခြုံရေးကို ဦးစားပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ပထမ ခုံးကျော်တံတားကို အရင် လေ့လာတာပေါ့။ စည်ပင်နဲ့ ညှိနှိုင်းတော့ အမြင့်ပေ ၁၈ ပေ အနည်းဆုံးဖြစ်လို့ ရွှေတိဂုံဘုရား မြင်ကွင်းအတွက် ကွယ်မှာစိုးတယ်။ မြေနေရာလည်း အခက်အခဲ ရှိနေတယ်”ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တွင်းရှိ လူကူးခုံးကျော် တံတားများအနေနှင့် ဗဟန်းသုံးလမ်း၊ ဘုန်းကြီးလမ်း၊ ပန်းဆိုးတန်း (ဒလဆိပ်ကမ်း)၊ ဆူးလေ၊ စံပြဈေး၊ ကမ္ဘာအေးဘုရားလမ်း (ဂမုန်းပွင့်စင်တာ)၊ ပြည်လမ်း အပါအဝင် တံတား ၁၀ ခုကျော် တည်ဆောက်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီထံမှ သိရသည်။

ယခင်အစိုးရလက်ထက်က ကမာ ရွတ်မြို့နယ်၊ ပညာရေးတက္ကသိုလ်အနီးတွင် မြေအောက် လူကူးလမ်းစီမံကိန်းကို အကောင်အထည်ဖော်ရန် စီစဉ်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

J-06

  • VIA