News

POST TYPE

NEWS

တရုတ်သံရုံးသို့ တိုင်စာပေးပို့ရန်လာသည့် လက်ပံတောင်းဒေသခံများ တားမြစ်ခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ရန်ကုန်မြို့ရှိ တရုတ်သံရုံးသို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ တိုင်ကြားစာ ပေးပို့ရန်လာသည့် လက်ပံတောင်းဒေသခံများကို ရဲအင်အား ၂၀ ခန့်က တားမြစ်ခဲ့ကြောင်း လက်ပံတောင်းတောင် အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (ရန်ကုန်) မှ ကော်မတီဝင် ဒေါ်နော်အုန်းလှက ပြောကြားသည်။

ဒေါ်နော်အုန်းလှ အပါအဝင် လက်ပံတောင်းတောင်ဒေသခံ ခုနစ်ဦးသည်  ဦးပိုင်နှင့် ဝမ်ပေါင်ကုမ္ပဏီကို အရေးယူပေးရန် တိုင်ကြားစာကို ဒီဇင်ဘာလ ၁၄ ရက် ညနေ ၄ နာရီခန့်က တရုတ်သံရုံးပို့ရန် လာရောက်စဉ် သံရုံးရှေ့၌ တားဆီးခံရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“နေပြည်တော်က တရုတ်ယာယီ ဆက်ဆံရေးရုံး တာဝန်ခံကို ပေးတယ် မယူဘူး။ နိုင်ငံခြားရေးကတစ်ဆင့် ပေးခိုင်းတယ်။ အဲဒါကြောင့် ဒီနေ့ ရန်ကုန်က တရုတ်သံရုံးကို လာပေးတယ်။ အဲဒါကို ရဲတွေကတစ်ဆင့် ပေးခိုင်းတယ်။ ရဲကိုလာပေးတာ မဟုတ်ဘူး။ ဒီနိုင်ငံမှာ သံရုံးလာဖွင့်ပြီး  ပြည်သူ့အသံကို နားမထောင်တာက ပြည်သူ့ကို စော်ကားတာပဲ”ဟု ၎င်းကဆိုသည်။

ထို့ကြောင့် ၂၀၁၈ ဇန်နဝါရီလ ပထမအပတ်တွင် နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ တရုတ်သံရုံးများရှေ့တွင် ဆန္ဒဖော်ထုတ်ရန် စီစဉ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဒီဇင်ဘာလ ၁၃ ရက်ကလည်း ဒေါ်နော်အုန်းလှနှင့် လက်ပံတောင်းတောင်ဒေသခံ ၁၂ ဦးသည် တောင်သူများ နစ်နာဆုံးရှုံးမှုကို ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာကို မလိုက်နာခဲ့သည့် ဦးပိုင်ဝမ်ပေါင် ကုမ္ပဏီအား အရေးယူပေးရန် တိုင်ကြားစာကို နေပြည်တော်ရှိ တရုတ် ယာယီ ဆက်ဆံရေးရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံပေးပို့ရန် ကြိုးစားခဲ့သော်လည်း တားမြစ်ခံခဲ့ရသည်။ 

ယင်းနေ့က တရုတ် ယာယီ ဆက်ဆံရေးရုံးက တိုင်ကြားစာကို လက်မခံခဲ့သော်လည်း ပေးပို့သည့်စာကို ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့်အိမ်ရှိ လုံခြုံရေးဂိတ်မှ ရဲအရာရှိတစ်ဦးက တာဝန်ယူ လက်ခံခဲ့ကြောင်း ဒေါ်နော်အုန်းလှက ပြောကြားသည်။ 

အဆိုပါတိုင်ကြားစာမှာ ဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာစီးပွားရေးဦးပိုင် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက် နေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေတွင် မြေသိမ်းခံ ပြည်သူများ လျော်ကြေးငွေကိစ္စ၊ မြေယာ အစားထိုး မရသည့်ကိစ္စများအပြင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌတာဝန်ယူခဲ့သော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး အကြံပေးကော်မရှင်၏ အစီရင်ခံစာအတိုင်း မလုပ်ဆောင်ပေးခြင်းများကို အသိပေးထားခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းကြေး နီစီမံကိန်းကို ၂၀၁၁ ခုနှစ်က မြေဧက ၇၈၆၇ ဒသမ ၇၈ တွင် ဝမ်ပေါင်ကုမ္ပဏီက စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

J-18