News

POST TYPE

NEWS

ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံ ဒီဇင်ဘာ ၂၃ ရက် ဖွင့်မည်
14-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည် တည်ထောင်ခဲ့သည့် ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံကို အဆင့်မြှင့်တင်ပြုပြင်ကာ ဒီဇင်ဘာလ ၂၃ ရက်၊ ညနေ ၃ နာရီတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါဆေးရုံကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ ပထမဦးဆုံး “မြန်မာ-တရုတ် ချစ်ကြည်ရေးဆေးရုံ”အဖြစ် တည်ထောင်ရန် အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်ကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်၂ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွဋ်က ပြောကြားသည်။

“ဒေါ်ခင်ကြည်ဆေးရုံကို ဩဂုတ် လ ၅ ရက်မှာ အကြိုဖွင့်လှစ်ခဲ့တယ်။ အခု လမှာ ဆေးရုံဖွင့်လှစ်ပြီးရင် သားဖွားသင်တန်းတွေလည်း ဖွင့်လှစ်သွားမယ်။ အခု လက်ရှိတော့ အပေါ်ထပ်က ခုတင် ၂၀၊ အောက်ထပ်က ခုတင်၂၀၊ ခုတင် ၄၀ ရှိ မယ်။ နောက်ပိုင်း ခုတင်တွေ၊ အဆောင် တွေ တိုးချဲ့သွားမယ်”ဟု ၎င်းကဆိုသည်။

အဆိုပါဆေးရုံဖွင့်လှစ်ပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန် တိုင်းဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တရုတ်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးမည်ဖြစ်သည်။

အဆိုပါဆေးရုံကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပြတိုက်လမ်းတွင် တည်ရှိပြီး ဒေါ်ခင်ကြည်က စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

တော်လှန်ရေး ကောင်စီလက်ထက်တွင် အမျိုးသမီးဆေးရုံအဖြစ် အမည်ပြောင်းခဲ့ကြောင်းနှင့် ယခုအစိုးရလက်ထက်တွင် ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံအဖြစ် ပြန်လည် ဖွင့်လှစ်ခဲ့သည်။

ဒေါ်ခင်ကြည်ဆေးရုံကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာကစတင်ပြုပြင်ခဲ့ပြီး ယခုလက်ရှိ တွင် ခုတင် ၄၀ ဆံ့ဆေးရုံအဖြစ် ဖွင့်လှစ် ခဲ့ပြီး နောက်ပိုင်းတွင် ခုတင် ၁၀ဝ ဆံ့အထိ တိုးမြှင့်ကာ အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

J-10

  • VIA