News

POST TYPE

NEWS

ရခိုင်တွင် တန်ဖိုးနည်းတိုက်ခန်း ပထမဆုံးအကြိမ် ရောင်းချမည်

စစ်တွေ၊ ဒီဇင်ဘာ ၁၃

ရခိုင်ပြည်နယ်ရှိ နေအိမ်မရှိသူများအတွက် ရည်ရွယ်ကာ စစ်တွေမြို့ ရွှေပြည်သာရပ်ကွက်တွင် ဆောက်လုပ်ထားသော တန်ဖိုးနည်း တိုက်ခန်းများကို ဇန်နဝါရီ လဆန်းပိုင်းတွင် ပထမဆုံးအကြိမ် ရောင်းချမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးရွှေဝင်းက ပြောကြားသည်။

တန်ဖိုးနည်း တိုက်ခန်းများကို နိုင်ငံ့ဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းများနှင့် အိမ်မရှိသူများကို လက်ငင်း ငွေချေစနစ်နှင့် အရစ်ကျ ငွေပေးချေစနစ်တို့ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း၊  အိုးအိမ်မဲ့ပြည်သူ စသည်များကို လက်ငင်း ငွေပေးချေမည့်စနစ်နှင့် အရစ်ကျ ငွေပေးချေရမည့်စနစ် နှစ်မျိုးဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ ရောင်းချမည့် တိုက်ခန်းများမှာ ခြောက်ခန်းတွဲ သုံးထပ် အဆောက်အအုံပေါင်း လေးလုံး၊ စုစုပေါင်းအခန်း ၇၂ ခန်း ဖြစ်ကြောင်း၊ တိုက်ခန်းတန်ဖိုးမှာ ကျပ်သိန်း ၁၅၀ မှ  ၂၂၀ အထိရှိကြောင်း ရခိုင်ပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရွှေဝင်းက ပြောသည်။

တိုက်ခန်းများကို ဘဏ်စနစ်ဖြင့် ဝယ်ယူမည်ဆိုပါက အခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ပေးသွင်းပြီး ဝယ်ယူသူ၏ဝင်ငွေမှ သုံးပုံတစ်ပုံကို လစဉ် ပေးသွင်းရမည်ဖြစ်ရာ ဝယ်ယူမည့် မိသားစုမှာ အနည်းဆုံးဝင်ငွေ ကျပ်ငါးသိန်း ရှိရမည်ဖြစ်ကြောင်း၊ အိမ်ပိုင်ခြံပိုင်ရှိသူများ ဝယ်ယူခဲ့သည်ကို တွေ့ရှိလျှင် ပေးသွင်းထားသော ငွေမှ ၅ ရာခိုင်နှုန်းကို ဒဏ်ငွေ ပေးဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အဓိကတော့ အိမ်ရာမြေမရှိတဲ့ သူတွေအတွက် ရောင်းချတာဖြစ်တယ်၊ အိမ်ရာရှိတွေအတွက် မဟုတ်ဘူး။ နိုင်ငံ့ ဝန်ထမ်းဆိုရင် တစ်ဆယ်နှစ် အထက်ရှိမှာတော့ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ဝယ်ယူလိုသူများကို ဒီဇင်ဘာလ ၁၄ ရက်နေ့မှ စတင်ကာ လျှောက်လွှာများကို အဆိုပါ ဦးစီးဌာနတွင် ဇန်နဝါရီလ ၁၂ ရက်နေ့ထိ  ဝယ်ယူ လျှောက်ထားနိုင်ပြီး လျှောက်ထားသူများကို မဲစနစ်ဖြင့် ရွေးချယ်ကာ ဝယ်ယူခွင့်ပေးမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။ 

ရခိုင်ပြည်နယ်ရှိ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို ၂၀၁၆-၁၇ ဘဏ္ဍာရေးတွင် စတင် တည်ဆောက်ခဲ့ပြီး ပြည်နယ်အစိုးရက အငှားအိမ်ရာ စီမံကိန်းတစ်ခုကိုလည်း ဆောက်ရွက်လျက်ရှိရာ ၉၀ ရာခိုင်နှုန်း ပြီးစီးနေကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့လို ဝန်ထမ်းတွေ ဘယ်ဝယ်နိုင်မလဲဗျာ။ အခုဈေးနှုန်းက ကြီးတယ်။ အိမ်မဝယ်နိုင်လို့ ငှားနေပါတယ်ဆိုကာမှ ၃၀ ရာခိုင်နှုန်း သွင်းရမယ်ဆိုတော့ များတယ်ဗျာ”ဟု စစ်တွေမြို့နေ အစိုးရဝန်ထမ်းတစ်ဦးက ပြောသည်။ 

ခိုင်မင်းညို