News

POST TYPE

NEWS

မကွေးတိုင်းတွင်တွေ့ရှိသည့် အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်းကို နိုင်ငံပိုင်အဖြစ်ထားမည်
14-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပေပင်စမ်းကျေးရွာ၌ တူးဖော်တွေ့ရှိထားသည့် အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်းကို လုပ်ပိုင်ခွင့်ရကုမ္ပဏီအား သယ်ဆောင်ခွင့် ပြုထားခြင်းမရှိဘဲ နိုင်ငံပိုင်အဖြစ် ထားရှိမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးဦးမြင့်ဇော်က The Voice သို့ ပြောကြားသည်။

ပေပင်စမ်းကျေးရွာ၌ တူးဖော်ရရှိခဲ့သည့် ပေ ၁၀ဝ ခန့်အရှည်ရှိသော အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်းကို လုပ်ကိုင်ခွင့်ရ Three Jade ကုမ္ပဏီက ၂၀၁၇ နှစ်ဆန်းပိုင်းတွင် သယ်ယူရန် ကြိုးစားခဲ့သော်လည်း ဒေသခံများက ကန့်ကွက်ခြင်းကြောင့် သယ်ဆောင်ခွင့်ကို ကုမ္ပဏီဘက်က ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ဒေသခံများသည် အဆိုပါ ကျောက်ဖြစ်ရုပ်ကြွင်းကို မကွေးတိုင်းဒေသကြီးအတွင်း၌ သမိုင်းအမွေအနှစ်အဖြစ် ထားရှိရန် ပြည်နယ်အစိုးရအဖွဲ့ထံ တောင်းဆိုမှုများရှိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြောကြားသည်။

“ဘယ်ကုမ္ပဏီ ဘယ်အဖွဲ့အစည်းကိုမှ သယ်ဆောင်ခွင့် ယူဆောင်ခွင့် မပေးတော့ဘူး။ အစိုးရပိုင်၊ နိုင်ငံပိုင်ပဲ ထားလိုက်တာပါ”ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးမြင့်ဇော်က ဆိုသည်။

Three Jade ကုမ္ပဏီသည် အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်းမှ အင်ကြင်းကျောက် ၉၁ ဒသမ ၄၇၇ တန်ကို ပြည်ပသို့ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၀ဝ နှုန်းနဲ့ တင်ပို့ရောင်းချဖို့ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြထားခဲ့သော်လည်း တိုင်းအစိုးရအဖွဲ့က ဒေသခံများ၏ဆန္ဒအတိုင်း တိုင်းဒေသကြီး၏ စီမံခန့်ခွဲမှုအောက်၌ ထားရှိခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

ယင်း အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်းကို တိုင်းဒေသကြီး အစိုးရအစီအစဉ်အဖြစ် ဗိဿနိုးရှေးဟောင်းဇုန် သို့မဟုတ် မကွေးတိုင်း လွှတ်တော်အဆောက်အအုံအသစ် သို့မဟုတ် မကွေးတက္ကသိုလ် ဘူမိဗေဒကျောင်းသားများ သုတေသန ပြုလုပ်နိုင်ရန် ထားရှိရန် စီစဉ်ထားကြောင်း ဦးမြင့်ဇော်က ဆိုသည်။                        

J-07

  • VIA