News

POST TYPE

NEWS

သံတောင်ကြီးဒေသကို အော်ဂဲနစ် အထူးဇုန်ဖော်ဆောင်ရန် စီစဉ်
14-Dec-2017 tagged as ကရင်


ဘားအံ၊ ဒီဇင်ဘာ ၁၄

ကရင်ပြည်နယ်၊ သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် အော်ဂဲနစ်စနစ်သို့ ကူးပြောင်းရန် စီစဉ်နေပြီး သံတောင်ကြီးဒေသကို အော်ဂဲနစ် အထူးဇုန် ဖော်ဆောင်နိုင်ရေး လုပ်ဆောင်နေကြောင်း ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။ 

သံတောင်ကြီးဒေသသည် ဥယျာဉ်ခြံသီးနှံများကို အဓိက စိုက်ပျိုးသော ဒေသဖြစ်ကာ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး အသုံးအနည်းဆုံး ဒေသထဲမှ တစ်ခုဖြစ်ကြောင်း၊ ယင်းဒေသတွင် ကော်ဖီ ဧက ၅,၀၀၀ ခန့်ကို အော်ဂဲနစ်သီးနှံအဖြစ် ရည်မှန်းထားပြီး အခြားသော ဈေးကွက်ဝင် သီးနှံများကို စိုက်ပျိုးနိုင်ရန် ဆောင်ရွက်နေကြောင်း၊ လတ်တလောတွင် တောင်သူများကို အသိပညာပေးမှုနှင့် စည်းရုံးမှုများကို လုပ်ဆောင်နေကြောင်း ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက ပြောကြားသည်။

ကရင်ပြည်နယ် သံတောင်ကြီးဒေသမှာ တောင်ပေါ်ဒေသ ဖြစ်သည့်အတွက် ဥယျာဉ်ခြံသီးနှံများအနေဖြင့် ကော်ဖီ၊ ချည်ပေါင်၊ ဖာလာ၊ ဒူးရင်း၊ နာနတ်၊ မင်းကွတ်၊ ကျွဲကော၊ ကြက်မောက်တို့ကို အဓိကထား စိုက်ပျိုးရာဒေသဖြစ်ကြောင်း၊ စပါးဧက ၈,၀၀၀ ကျော်၊ ချဉ်ပေါင်ဖာလာ ဧက ၃၅,၀၀၀ ခန့်၊ ဥယျာဉ်ခြံသီးနှံ ၇ သောင်းကျော်နှင့် ကော်ဖီစိုက်ဧက ၁၀,၀၀၀ ကျော်ရှိကြောင်း ၎င်းထံမှ သိရသည်။

“ဒီမှာကတော့ ချဉ်ပေါင်ဖာလာဆိုရင် ဟိုးအရင်ကတည်းက စိုက်ပျိုးလာတာ၊ ကော်ဖီဆိုရင်လည်း လွန်ခဲ့တဲ့နှစ် ၁၀၀ ကျော် အင်္ဂလိပ်မင်း လက်ထပ်ကတည်းက စိုက်ပျိုးလာတာပါ၊ ကျွန်မတို့ကတော့ သဘာဝ ပေါက်ပင်တစ်ခုလိုပဲ စိုက်ပျိုးနေတာ၊ ပိုးသတ်ဆေးတွေ မြေဩဇာတွေကိုတော့ ထွေထွေထူးထူးသုံးတာ မျိုးတော့မရှိပါဘူး၊ တခြား ဥယျာဉ်သီးနှံတွေ ပြောင်းတို့၊ မြေပဲတို့တော့ သုံးတာမျိုးရှိပါတယ်”ဟု သံတောင်ကြီးမြို့နယ်နေ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးက ဆိုသည်။

သံတောင် ကော်ဖီအနေဖြင့် နိုင်ငံတကာ၏ အရည်အသွေး စစ်ဆေးမှု ခံယူရာတွင် အမှတ်ပေါင်း ၈၆ မှတ် ရရှိထားကာ အမှတ်ပေါင်း ၆၀ ကျော်လျှင် နိုင်ငံတကာ ဈေးကွက်အဆင့်စတင်သတ်မှတ်ချက်ရှိကြောင်း၊ ကော်ဖီကို နိုင်ငံတကာမှ အမှာများနေပြီး အော်ဂဲနစ်သီးနှံ ဖြစ်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေကြောင်း ဘားအံခရိုင် စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။ 

R-17

  • VIA