News

POST TYPE

NEWS

သိပ္ပံပညာရှင်များကို ကင်ဂျုံအန်းကိုယ်တိုင် ဂုဏ်ပြု၊ နျူကလီးယားလက်နက် ပိုထုတ်မည်ဟု ကတိပြု
14-Dec-2017


ပြုံယမ်း၊ ဒီဇင်ဘာ ၁၃

မြောက်ကိုရီးယားနိုင်ငံ၏ အဆင့်အမြင့်ဆုံး ဒုံးပျံဖြစ်သည့် ဟွာဆောင်-၁၅ ထုတ်လုပ်ရေးတွင် ပါဝင်ခဲ့သည့် သိပ္ပံပညာရှင်များနှင့် အရာရှိများကို ခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် ဂုဏ်ပြုပေးခဲ့ပြီး နျူကလီးယားလက်နက် ပိုထုတ်မည်ဟု ကတိပြုပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စမ်းသပ်လိုက်သည့် ဟွာဆောင်-၁၅ ဒုံးပျံသည် အမေရိကန်ကုန်းမကြီးထိ ရောက်အောင် ပစ်ခတ်နိုင်သည်ဟု လေ့လာသုံးသပ်သူများနှင့် အစိုးရအရာရှိများက အများအားဖြင့် ရှုမြင်ထားသည်။

သို့သော်လည်း မြောက်ကိုရီးယားနိုင်ငံအနေနှင့် ၎င်း၏ ရည်မှန်းချက်ဖြစ်သည့် နျူကလီးယားထိပ်ဖူး တပ်ဆင်ထားသည့် ဒုံးကျည်ဖြင့် အမေရိကန် ပြည်ထောင်စုအထိ ရောက်ရှိအောင် ပစ်ခတ်နိုင်ရေး ဒုံးပျံနည်းပညာအချို့ကို ကျော်လွှားရန် လိုအပ်နေသေးသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

“နျူကလီးယားတပ်ဖွဲ့ အရည်အချင်းနှင့် အရည်အသွေးတိုးမြှင့်နိုင်ရေး နောက်ဆုံးပေါ်လက်နက်များနှင့် ကိရိယာများကို သိပ္ပံပညာရှင်များနှင့် အလုပ်သမားများ ဆက်လက်ထုတ်လုပ်သွားလိမ့်မည်”ဟု မြောက်ကိုရီးယား ခေါင်းဆောင်က အင်္ဂါနေ့တွင် ပြောကြားသွားသည်။

ဟွာဆောင်-၁၅ ဒုံးကျည်ကို ဂုဏ်ပြုသည့် နှစ်ရက်ကြာ ခဲယမ်းမီးကျောက် ညီလာခံတွင် မြောက်ကိုရီးယား ခေါင်းဆောင် ရှားရှားပါးပါး စကားပြောကြားသွားခြင်းဖြစ်ကာ လက်နက်အမျိုးအစား မျိုးစုံထုတ်လုပ်ရန် လိုအပ်သည်ဟုလည်း ထောက်ပြသွားသည်။

မဟာဗျူဟာ နျူကလီးယားတပ်ဖွဲ့ တည်ဆောက်ရေးပါတီ၏ အစီအစဉ်တွင် ယုံကြည်စွာနှင့် ပြည့်စုံစွာပါဝင်ခဲ့သည့် ဟွာဆောင်-၁၅ တိုက်ချင်းပစ် ဒုံးကျည် အောင်မြင်စွာ စမ်းသပ်ခြင်းဖြင့် ကျွန်ုပ်တို့၏ စွမ်းအားပြည့်ဝသည့် နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် ခွန်အားကို တစ်ကမ္ဘာလုံးကို ထပ်မံပြသလိုက်သည့် ကာကွယ်ရေးလုပ်ငန်း နယ်ပယ်ရှိ သိပ္ပံပညာရှင်များကို ကင်ကိုယ်တိုင် ဆုတံဆိပ်များ ချီးမြှင့်လိုက်ကြောင်း ကိုရီးယားဗဟိုသတင်း အေဂျင်စီတွင် ရေးသားထားသည်။

သို့သော် ဆုရရှိသူများ၏ နာမည်ကို အဆိုပါသတင်းတွင် ဖော်ပြထားခြင်း မရှိပေ။ ပေးအပ်သည့် ဆုတံဆိပ်များတွင် မြောက်ကိုရီးယားနိုင်ငံ၏ အဆင့်အမြင့်ဆုံး တံဆိပ်ဖြစ်သည့်  ကင်အီဆွန်း အမိန့်တော်၊ ကင်ဂျုံအီ အမိန့်တော်တို့ဖြစ်ပြီး ကင်အီဆွန်းနှင့် ကင်ဂျုံအီတို့၏ နာမည်ရေးထိုးထားသည့်  လက်ပတ်နာရီများကိုလည်း ပေးအပ်ခဲ့သည်။

F-05

  • VIA