News

POST TYPE

NEWS

သက်တမ်း ၂၀ဝ ကျော်ရှိ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းပျက်စီး
14-Dec-2017


မိတ္ထီလာ၊ ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့ အုတ်ဖိုကန်ကျောင်းဝင်းအတွင်းရှိ နှစ်ပေါင်း ၂၀ဝ ကျော် သက်တမ်းရှိသော ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းမှာ နှစ်ကာလ ကြာမြင့်လာပြီဖြစ်၍ ယိုယွင်းပျက်စီးနေပြီး စနစ်တကျ ပြန်လည် ပြုပြင်ထိန်းသိမ်းရန် လိုအပ်လျက်ရှိကြောင်း အဆိုပါကျောင်းတွင် သီတင်းသုံး နေထိုင်လျက်ရှိသော ရဟန်းတော်များနှင့် ကျေးရွာဒေသခံများထံမှ စုံစမ်းသိရှိရသည်။ 

“မနှစ်က မိုးရာသီတုန်းက ပင်မအဆောင်နဲ့ကပ်လျက် ဆွမ်းစားဆောင်ကလည်း တော်တော်ကြီးကို ပျက်စီးသွားပါတယ်။ ဒါကြောင့် ရှေးမူမပျက် ပြန်ပြင်ချင်တာပါ။ ကျောင်းကြီးတစ်ခုလုံးက ရှေးကလုပ်ထားတဲ့ ပန်းကနုတ်တွေနဲ့ ပြည့်နေတာလေ။ ကျွန်တော်တို့ဘာသာပြုပြင်ဖို့က ငွေရေးကြေးရေးရော အတတ်ပညာပိုင်းမှာရော အခက်အခဲတွေ အများကြီး ရှိနေပါတယ်”ဟု အုတ်ဖိုကန်ကျေးရွာမှ ရွာမိရွာဖ ဦးအောင်ဆန်းက ဆိုသည်။

အုတ်ဖိုကန် ကျောင်းဝင်းအတွင်းရှိ ရှေးဟောင်း ကျွန်းသား ကျောင်းတော်ကြီးမှာ အလျား ၈၈ ပေ၊ အနံ ၅၆ ပေရှိပြီး အုတ်လှေကား သုံးခု၊ လူဝင်ပေါက် တံခါးလေးခု၊ လေဝင်ပြတင်းပေါက် ကိုးခု၊ အခန်းဖွဲ့ လေးဖွဲ့ခန့်ရှိပြီး ပင်မကျောင်းဆောင်တွင် တိုင်လုံးပေါင်း ၁၁၇ တိုင်ရှိကြောင်း၊ တိုင်တစ်လုံးချင်း၏ လုံးပတ်သည် သုံးပေခန့်ရှိကြောင်း၊ အောက်ခံအုတ်ခုံ၏အမြင့် ငါးပေကျော်ခန့်ရှိပြီး ကျောင်း၏အမြင့်မှာ ၁၅ ပေ ဝန်းကျင်ခန့်ရှိကြောင်း၊ ကျောင်းရှိ ပန်းပုလက်ရာများသည် မန္တလေးရွှေကျောင်းနှင့် ပုံသဏ္ဌာန်ဆင်တူပြီး အောက်ခံအုတ်များမှာလည်း ရှေးအုတ်များဖြစ်ကြောင်း၊ အလှူရှင်၏ကမ္ပည်းများကို ရှာသော်လည်း မတွေ့ရကြောင်း ရပ်မိရပ်ဖများထံမှ သိရသည်။

ကျောင်းက တံခါးပေါက်တွေကအစ ပေပျဉ်တွေနဲ့ မျက်နှာကြက်တွေ ထုတ်တွေကအစ ကနုတ်တွေ ပန်းတွေနဲ့ ဆောက်ထားတာ၊ အားလုံး ရှေးလက်ရာတွေချည်းပဲ။ မျက်နှာကြက်နဲ့ အခင်းကအစ အားလုံး ကျွန်းတွေချည်းပဲ”ဟု အဆိုပါကျောင်းတွင် သီတင်းသုံးနေသော ဦးရေဝတက မိန့်ကြားသည်။ 

R-01

  • VIA